စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ရွာရှည်မြောက်ရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၃၀ ရက် မနက် ၂ နာရီလောက်က မြေပြင်မှာ တိုက်ပွဲမရှိဘဲ လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “ကြဲတဲ့အချိန်ကလည်း လူတွေအိပ်နေတဲ့ မနက် ၂ နာရီ အချိန်ကြီးဗျာ။ မြေပြင်မှာလည်း ဘာတိုက်ပွဲမှမရှိဘူး။ ဘယ်လက်နက်ကိုင်မှလည်း မရှိဘူး။ အဲဒါကို လာချသွားတယ်။ ကံကောင်းလို့ ရွာသားတွေ အသေအပျောက် မရှိခဲ့တာ”လို့ပြောပါတယ်။
လေယာဉ်ပေါ်ကနေ ဗုံးသီးက နှစ်လုံးချတာမှာ တလုံးက ရွာရဲ့မြောက်ဘက် သရက်ခြံထဲကျပြီး တလုံးက ရွာထဲက စာသင်ကျောင်းထဲကျခဲ့တာဖြစ်ပါတယ်။
ဗုံးဒဏ်ကြောင့် ကျောင်းဆောင်တဆောင် ပျက်စီးခဲ့သလို ဆေးရုံက မျက်နှာကြက်ထရံတွေ ကွာကျပျက်စီးခဲ့ပြီး ဗုံးကျင်းကြီးတွေကတော့ အကျယ် ၅ ပေလောက်နဲ့ အနက်က ၄ ပေကျော်လောက် နက်တယ်ဒေသခံက ပြောပါတယ်။
အခုလို စစ်တပ်က ဗုံးကြဲတာကြောင့် ဒေသခံရွာသားတချို့ နီးစပ်ရာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၂၉ ရက်ကလည်း တန့်ဆည်မြို့ပေါ်မှာ ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွားဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေယာဉ်နဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။