အမေရိကန်ပြည်ထောင်စုအနေနဲ့ တရုတ်တနိုင်ငံတည်း မူဝါဒကို လိုက်နာစွဲမြဲဖို့နဲ့ ထိုင်ဝမ်လွတ်လပ်ရေးကို အားပေးထောက်ခံခြင်း မပြုဘူးဆိုတဲ့ သူ့ရဲ့ လေးနက်တဲ့ နိုင်ငံရေးကတိကဝတ်တွေကိုလေးစားဖို့ တရုတ်က အမေရိကန်ကို နိုဝင်ဘာ ၂၉ ရက်မှာ ထပ်မံတိုက်တွန်းခဲ့ပါတယ်။
တရုတ်နိုင်ငံတော်ကောင်စီရဲ့ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ ချန်းပင်းဟွာက ပေကျင်းမြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မီဒီယာတွေရဲ့ မေးမြန်းမှုကို ဖြေကြားရာမှာ မှတ်ချက်ပြုလိုက်တာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တရုတ်ပိုင်နက်ကနေ ခွဲထွက်မရနိုင်တဲ့ အစိတ်အပိုင်းဖြစ်တဲ့ ထိုင်ဝမ်ရဲ့ ကိုယ်ပိုင်ကာကွယ်ရေးစွမ်းရည်ကို အာမခံတဲ့ အမေရိကန်ရဲ့ ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့ပြီးတော့ ထိုင်ဝမ်ကို လက်နက်တွေ ဆက်လက်ရောင်းချသွားမှာဖြစ်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက သိပ်မကြာသေးခင်ကပဲ ထုတ်ဖော် ပြောကြားခဲ့တာပါ။
နိုင်ငံတော်ကောင်စီရဲ့ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ ချန်းပင်းဟွာက“ထိုင်ဝမ်ကို အမေရိကန်က လက်နက်ရောင်းချတာဟာ တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ချက်ကို အထူးသဖြင့် သြဂုတ် ၁၇ ရက် ကွန်မြူနစ်ပါတီရဲ့ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်တာဖြစ်ပြီး ဒါကို တရုတ်က ပြတ်ပြတ်သားသား ကန့်ကွက်ပါတယ်” လို့ ပြောပါတယ်။
ဒီကိစ္စရပ်နဲ့ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ သက်ဆိုင်ရာဌာနတွေကနေ သူတို့ရဲ့ သဘောထား ရပ်တည်ချက်တွေကို အကြိမ်များစွာ ဖော်ပြခဲ့ပြီးဖြစ်ကြောင်းနဲ့ အမေရိကန်အနေနဲ့ အပြောတမျိုး အလုပ်တမျိုး မပြုဖို့ အမေရိကန်ပြည်ထောင်စုကို တိုက်တွန်းအပ်ပါကြောင်းလည်း ချန်းပင်းဟွာက ဆိုပါတယ်။
ထိုင်ဝမ်လွတ်လပ်ရေးကို အဆုံးမရှိ အင်အားသုံး ကြိုးပမ်းနေတယ်ဆိုတဲ့ မရေမတွက်နိုင်တဲ့ အချက်အလက်တွေက ပြနေပြီး ထိုင်ဝမ်လွတ်လပ်ရေး ရယူဖို့ ပြည်ပအထောက်အပံ့ ရှာဖွေကြိုးပမ်းခြင်းဟာ မိမိကိုယ်ကို ဖျက်ဆီးခြင်းဆီကို ဦးတည်သွားလိမ့်မယ်လို့လည်း တရုတ်အစိုးရက သတိပေးပြောသွားပါတယ်။
Source/Photo-Reuters