မွန်ပြည်နယ်၊ ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်မှာရှိတဲ့ အအေးဆိုင်ရှင်အမျိုးသမီးဟာ PDF တွေကို အစားအသောက်ရောင်းချလို့ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီး၊ ရိုက်နှက် စစ်ကြောရေးလုပ်ကာ ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့် ဖမ်းဆီးထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၂၃ ရက်က ဖမ်းဆီးခံရတဲ့ အမျိုးသမီးရဲ့ အအေးဆိုင်မှာ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ ရေးဘီလူးအဖွဲ့ဝင် ၂ ယောက်က ဝယ်ယူစားသောက်နေတဲ့ သတင်းကို စစ်ကောင်စီဘက်ကရရှိပြီး လာရောက်ဖမ်းဆီးဖို့ ကြိုးစားတဲ့အချိန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
ဒီပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ၂ ယောက် ထိမှန်ခဲ့ပြီး ရေးဘီလူးအဖွဲ့က တယောက်လည်း ထိမှန်ဒဏ်ရာရရှိသွားပေမဲ့ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။
အဲဒီနောက်မှာတော့ ရပ်ကွက်ထဲမှာရှိတဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က ဝင်ရောက် စစ်ဆေးခဲ့တဲ့အပြင် အဲဒီအအေးဆိုင်ပိုင်ရှင် အမျိုးသမီးကိုလည်း PDF နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
ဆိုင်ရှင်ဖြစ်တဲ့အတွက် လာဝယ်တဲ့သူတွေအားလုံးကို ရောင်းချရတာဖြစ်ပြီး အခုလို ဖမ်းဆီးတာက တရားမျှတမှု မရှိဘူးလို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
လက်ရှိ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးဟာ စစ်ကြောရေးစခန်းမှာ ရိုက်နှက် စစ်ဆေးခံထားရတယ်လို့လည်း နီးစပ်သူတွေကတဆင့် သိရပါတယ်။