Home
နိုင်ငံတကာ
ဟားမတ်စ်က အစ္စရေးဓားစာခံ ၁၂ ဦးကို ICRC ထံ လွှဲပြောင်းပေး
DVB
·
November 29, 2023

ဟားမတ်စ်အဖွဲ့ဟာ အစ္စရေးဓားစာခံတွေကို နိုဝင်ဘာ ၂၈ ရက်က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကို လွှဲပြောင်းပေးခဲ့ကြောင်း ပါလက်စတိုင်းအရာရှိတဦးက ပြောပါတယ်။

အဲဒီအရာရှိက နောက်ထပ် အသေးစိတ် အချက်အလက်တွေကို ပြောကြားခြင်းမရှိပေမဲ့ အစ္စရေးစစ်တပ်ဟာ ICRC မှ သတင်းအချက်အလက်တွေကို ကိုးကားပြီး အစ္စရေးပိုင်နက်ကို ထွက်ခွာလာတဲ့ အဲဒီဓားစာခံ ၁၂ ဦးဟာ အစ္စရေး ၁၀ ဦးနဲ့ နိုင်ငံခြားသား ၂ ဦးတို့ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

လွတ်မြောက်လာတဲ့ အစ္စရေးဓားစာခံတွေမှာ အမျိုးသမီး ၉ ဦးနဲ့ အရွယ်မရောက်သေးသူ ၁ ဦးတို့ ပါဝင်ကြောင်း ပဋိပက္ခမှာ ကြားဝင်ဖျန်ဖြေပေးနေတဲ့ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အာဏာပိုင်တွေလည်း ပါဝင်နေတဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ ပါလက်စတိုင်း အကျဉ်းသားများအသင်းရဲ့ အဆိုအရ အစ္စရေးအကျဉ်းထောင်တွေမှာ အကျဉ်းကျခံနေရသူ အမျိုးသမီး ၁၅ ဦးနဲ့ အမျိုးသား ၁၅ ဦး စုစုပေါင်း အယောက် ၃၀ ကို ပြန်လွှတ်ပေးဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။

အတည်ပြုကြည့်ရမယ်ဆိုရင် ပြီးခဲ့တဲ့သောကြာနေ့ အပစ်အခတ်ရပ်စဲရေး စတင်ချိန်ကတည်းက ဟားမတ်စ်အဖွဲ့က ပြန်လွှတ်ပေးခဲ့တဲ့ စုစုပေါင်း ဓားစာခံ အရေအတွက်မှာ အားလုံး အမျိုးသမီးနဲ့ ကလေးတွေချည်း ဖြစ်ကြတဲ့ အစ္စရေးနိုင်ငံသား အယောက် ၆၀ နဲ့ ထိုင်းနိုင်ငံသား အများစုဖြစ်တဲ့ နိုင်ငံခြားသား ၂၁ ဦးတို့ အပါအဝင် အားလုံး ၈၁ ယောက် ဖြစ်ပါတယ်။

အစ္စရေးဘက်က အင်္ဂါနေ့ အပစ်ရပ်သက်တမ်း မကုန်ဆုံးခင် အကျဉ်းသား ၁၅၀ ကို လွှတ်ပေးခဲ့ပါတယ်။

အစ္စရေးစစ်တပ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ဟာဇီ ဟာလေဗီက အစ္စရေးစစ်တပ်ဟာ ဂါဇာမှာရှိတဲ့ ဓားစာခံအားလုံးကို လွတ်အောင် လုပ်ပေးဖို့နဲ့ ယာယီအပစ်အခတ်ရပ်စဲပြီးတဲ့နောက် ဆက်လက်တိုက်ပွဲဝင်ဖို့ ပြင်ဆင်ထားတယ်လို့ နိုဝင်ဘာ ၂၈ ရက်က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

ခုအချိန်အထိ ဓားစာခံ ၇၆ ဦးကို လွှတ်ပေးဖို့ အစ္စရေးက စစ်ရေးဖိအားပေးနေတုန်းပဲလို့လည်း သူက ပြောပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား စေ့စပ်ညှိနှိုင်းတဲ့ အပစ်အခတ်ရပ်စဲရေး ပြီးဆုံးချိန်မှာ အစ္စရေးစစ်တပ်ဟာ ဂါဇာမှာရှိတဲ့ ဟားမတ်စ်ကို တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း သူက ပြောခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024