Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် ဆောင်းရာသီ ကျန်းမာရေးပြဿနာများနှင့် လက်လှမ်းမီဆေးပညာ
DVB
·
November 29, 2023

နွေဦးခရီးလည်း အတော်အတန်ပေါက် တော်လှန်ရေးခရီးလည်း ရှေ့ကိုရောက် ပန်းတိုင်လည်း မဝေးလှပြီမို့ စုစည်းညီညာ ခရီးဆက်ဖို့ ကျန်းမာရေးကို ဂရုစိုက်ကြပါစို့လို့ နှိုးဆော်ရင်း ဒီခရီး ဒီလမ်းမှာ တော်လှန်အောင်ပန်းကို ကိုယ်တိုင်ကိုယ်ကျ ခေါင်းမှာပန်ရအောင် ခရီးဆုံးကို လက်တွဲလျှောက်လှမ်းနိုင်ပါစေကြောင်း မေတ္တာပေါင်းစပ် အားသစ်လောင်းအပ်ပါတယ်။

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ဆောင်းရာသီ ကျန်းမာရေးပြဿနာတွေနဲ့ လက်လှမ်းမီ ဆေးပညာအကြောင်းကို မျှဝေသွားမှာ ဖြစ်ပါတယ်။ ဆောင်းရာသီဟာ အေးမြတဲ့ရာသီ ဖြစ်တဲ့အတွက် လူတို့ခန္ဓာကိုယ်မှာ အအေးအကြောင်းခံရောဂါ ဝေဒနာများ ကျရောက်တတ်ပါတယ်။ ဒါကြောင့် ဆောင်းရာသီဆိုင်ရာ ရောဂါများကို ကြိုတင် ကာကွယ်နိုင်ဖို့နဲ့ ရောဂါကျရောက်လာပါက အချိန်မီ ထိန်းသိမ်းနိုင်ဖို့အတွက် လက်လှမ်းမီ ဆေးဝါးတွေနဲ့ စောင့်ရှောက်ပုံတို့ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

ဆောင်းရာသီမှာ အများအားဖြင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေး ပြဿနာတွေကတော့ အအေးမိခြင်းကြောင့်ဖြစ်တဲ့ နှာစေး၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ ပန်းနာရင်ကြပ်၊ အဆုတ်ပွ၊ အဆုတ်ရောင် နမိုးနီးယားနဲ့ အဖျားရောဂါတွေဖြစ်တာ၊ အသားအရေ ခြောက်သွေ့၊  ယားယံ၊ ဖနောင့်ကွဲတာနဲ့ အမျိုးသမီးတွေ မီးယပ်ပုံမှန်မဖြစ်တာ၊ မီးယပ်ချုပ်တာစတဲ့ ကျန်းမာရေးပြဿနာတွေ အဖြစ်များတတ်ပါတယ်။ ဒါ့အပြင် တုပ်ကွေးနဲ့ ကိုဗစ်-၁၉ (COVID-19) ပြဿနာတွေကို လည်း သတိထားရမှာ ဖြစ်ပါတယ်။

ဆောင်းရာသီမှာ ပုံမှန် ကျန်းမာတဲ့ ခန္ဓာကိုယ်ဟာ ယေဘုယျအားဖြင့် စားသောက်ကောင်းတာ၊ အိပ်စက်ကောင်းတာ၊ ဝမ်းချုပ်တတ်တာ ဆီးသွားများတာ စတဲ့လက္ခဏာတွေ ရှိတတ်ပါတယ်။ ဒီလက္ခဏာတွေဟာ ဆောင်းရာသီမှာ သာမန်အားဖြင့် ကျန်းမာခြင်းကို ဖော်ပြတဲ့ အခြေအနေတွေပဲ ဖြစ်ပါတယ်။

ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းတဲ့ အကျိုးကျေးဇူးမတွေ ရှိတဲ့အတွက် ရောဂါမဖြစ်အောင် ကြိုတင်စီမံကာကွယ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ဆောင်းရာသီ ကျန်းမာရေးပြဿနာတွေကနေ လွတ်မြောက်ဖို့ ကြိုတင်ကာကွယ်ရေး နည်းလမ်းတွေအနေနဲ့ မိမိနဲ့ သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှုတခုခု ပြုလုပ်တာ၊ ရေနွေးသောက်တာ၊ မီးလှုံတာ၊ နွေးထွေးအောင်နေတာ၊ အာဟာရ လုံလောက်မျှတအောင် စားသောက်တာ၊ အချဉ်အရသာရှိတဲ့ (ဗီတာမင်စီ ကြွယ်ဝ) အစားအစာတွေ စားတာ၊ အရည်ရွှမ်းတဲ့ အသီးအနှံတွေ စားသောက်ပေးတာ၊ ဝမ်းမှန်အောင် ဂရုစိုက်တာ၊ လက်ဆေးတာ၊ ဖျားနာသူတွေနဲ့ နီးကပ်စွာ‌ နေထိုင်ထိတွေ့မှုကို ရှောင်ကြဥ်တာ စတဲ့ ပြုမူနေထိုင် လိုက်နာဆောင်ရွက်ခြင်အားဖြင့် အတတ်နိုင်ဆုံး ကြိုတင်ကာကွယ်မှုကို ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ကိုယ်တွင်းခုခံအားကောင်းစေဖို့ တမာရွက်၊ လောက်သေရွက်၊ ဝါးရွက်၊ ကုက္ကိုရွက် တို့ကို လက်ဖက်ခြောက်လုပ်ပြီး ရေနွေးကြမ်း သောက်ပေးနိုင်ပါတယ်။

အထူးသတိထားရမှာက မွေးကင်းစ ကလေးငယ်တွေ၊ မီးဖွားပြီးစ မိခင်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ခံအားနည်းသူတွေ၊ နာတာရှည်ရောဂါ အခံရှိသူတွေအနေနဲ့ ရောဂါကူးစက်မှု လွယ်ကူတာ၊ ရောဂါဖြစ်လာပါက ကုသဖို့ခက်ခဲတာ စတဲ့အကြောင်းတွေကြောင့် အတတ်နိုင်ဆုံး ရောဂါမကျရောက်အောင် သတိထားနေထိုင်ဖို့ လိုအပ်ကြောင်း အထူးသတိပေးလိုပါတယ်။

ဆောင်းရာသီမှာ ဖြစ်ပွားတတ်တဲ့ ကျန်းမာရေးပြဿနာတွေကို လက်လှမ်းမီဆေးဝါတွေနဲ့ ဘယ်လို ဘယ်ပုံ စောင့်ရှောက် ဖြေရှင်းပုံ နည်းလမ်းတွေကို  ဆက်လက် တင်ပြပေးသွားပါမယ်။

နှာစေးတာဖြစ်လာခဲ့ရင် ကွမ်းရွက်၊ ချင်း(ဂျင်း) ရရာတခုခုကို ပြုတ်ပြီး ပထမဦးစွာ အငွေ့ကို ရှူပေးပါ။ ကွမ်းရွက်၊ ချင်း(ဂျင်း)၊ ရဲယိုရွက် စတဲ့ ရရာတခုခုကို ကြိတ်ညှစ်ပြီး အရည် ကော်ဖီဇွန်း ၂ ဇွန်းဖြစ်စေ၊ ပြုတ်ရည် ရေနွေးကြမ်းပန်းကန်တဝက်ဖြစ်စေ တနေ့ ၂-၄ ကြိမ် သောက်ပေးနိုင်ပါတယ်။

လည်ချောင်းနာတာအတွက် ဆားရေနွေးကို ငုံပေးပါ။ သရက်ရွက်၊ မန်ကျည်းရွက်၊ ကင်ပွန်းချဉ်ရွက်၊ ဒန့်ဒလွန်သီး စတဲ့ တခုခုကို ပြုတ်ရည်လုပ်ပြီး တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်စာကို ထန်းလျက်မှုန့် ကော်ဖီ ၁ ဇွန်းခန့်ထည့်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။ ရှောက်ရည်နဲ့ ပျားရည် ကော်ဖီ ၁ ဇွန်းစီ ရောစပ်ပြီး တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။ ထန်းရည်ချို ဖန်ခွက် ၁ ခွက်ခန့် တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

ချောင်းဆိုးတာနဲ့ ပန်းနာရင်ကြပ် ရောဂါတွေအတွက် ဆေးပုလဲမြစ်၊ စပါးလင် စတဲ့ ရရာတခုခုကို သွေးပြီး တခါသောက် ကော်ဖီ ၂ ဇွန်းကို တနေ့ ၂-၄ ကြိမ် ရေနွေးပူပူနဲ့ သောက်ပေးနိုင်ပါတယ်။

ငရုတ်ကောင်း၊ လေးညှင်း၊ ပိတ်ချင်း စတဲ့အမှုန့်တခုခုကို တခါသောက် ‌ကော်ဖီ ၁ ဇွန်း တနေ့ ၃ ကြိမ် ရေနွေးနဲ့သောက်ပါ။

ချင်း(ဂျင်း)၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ တခုခုမှ သတ္တုရည် ကော်ဖီ ၁ ဇွန်းကို တနေ့ ၂-၃ ကြိမ် ရေနွေးနဲ့သောက်ပါ။

ပိစပ်ရွက်(ဂျာမနီ) သတ္တုရည် ဟင်းစားဇွန်း ၁ ဇွန်းကို ဆားအနည်းငယ်ထည့်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

အဆုတ်ပွ၊ အဆုတ်ရောင်၊ နမိုးနီးယားရောဂါတွေအတွက် ပဒဲကောသွေးရည် တခါသောက်  ဟင်းစားဇွန်း ၁ ဇွန်းဖြစ်စေ၊ ပဒဲကောအမှုန့် တခါသောက် ကော်ဖီ ၁ ဇွန်းဖြစ်စေ မြင်းခွာရွက်ပြုတ်ရည်နဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဆေးခါးကြီးမှုန့် ကော်ဖီ ၂ ဇွန်းဖြစ်စေ၊ ဆေးခါးကြီးပင်ပြုတ်ရည် အကြမ်းပန်းကန် တဝက်ဖြစ်စေ တနေ့ ၂-၄ ကြိမ် သောက်ပေးပါ။

တမာရွက်/တမာခေါက် အမှုန့် ကော်ဖီ ၂ ဇွန်းဖြစ်စေ၊ တမာရွက်/တမာခေါက် ပြုတ်ရည် ရေနွေးကြမ်းပန်းကန် တဝက်ဖြစ်စေ တနေ့ ၂-၄ ကြိမ် သောက်ပေးပါ။

တပင်တိုင်မြန်းဥ သွေးရည် ကော်ဖီ ၂ ဇွန်း တပင်တိုင်မြန်းဥ အမှုန့် ကော်ဖီ ၁ ဇွန်း ဖြစ်စေ တနေ့ ၂-၄ ကြိမ် သောက်ပေးနိုင်ပါတယ်။

နတ်ဆေးဂမုန်းဥ သွေးရည် ကော်ဖီ ၂ ဇွန်းဖြစ်စေ၊ နတ်ဆေးဂမုန်းဥ အမှုန့် ကော်ဖီ ၁ ဇွန်း တနေ့  ၂-၄ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဓာတ်စာအဖြစ် ကြက်စွပ်ပြုတ်၊ ငါးစွပ်ပြုတ်၊ အမဲ၊ ဆိတ် စွပ်ပြုတ်တို့ကို မြင်းခွာရွက်၊ ကျောက်ဖရုံ၊ ကင်ပွန်းချဉ်၊ ကြက်သဟင်း၊ မုန်ညင်း၊ မုန်လာ၊ ကြက်သွန်မြိတ်၊ မုန်လာဥနီ၊ မုန်လာဥဖြူ စသည်တို့မှ အဆင်သင့်ရာ ထည့်ချက်ကာ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ ချင်း(ဂျင်း)တို့ခတ်ပြီး ဟင်းခါးလုပ် စားသောက်ပေးပါ။

ဆီပါတဲ့အစားအစာတွေနဲ့ အအေးစာတွေ စားသောက်ခြင်း အထူးရှောင်ကြဥ်ပါ။ ရင်ဘတ်နဲ့ နောက်ကျောကို အကြောလိမ်းဆေးဆီ လိမ်းပြီး လုံခြုံစွာ ဝတ်ဆင်ပါ။ အသက်ရှူချောင်စေဖို့ ရင်ဘတ်နဲ့ နောက်ကျောကို ရေနွေးအိတ် ကပ်ပေးပါ။ ချွေးထွက်ပါက သုတ်ပေးပါ။ ချွေးစိုအဝတ်အစားများ လဲလှယ်ပေးပါ။ အထူးဂရုစိုက်ပြီး စနစ်တကျ စောင့်ရှောက်ပြုစုပေးဖို့ လိုအပ်ပါတယ်။

အမျိုးသမီးများ မီးယပ်ချုပ်ခြင်းနဲ့ မီးယပ်လာစဥ် ကိုက်ခဲခြင်းတွေအတွက် ငရုတ်ကောင်း၊ ပိတ်ချင်း၊ ဇာတိပ္ဖိုလ်သီး၊ လေးညှင်း၊ ချင်း(ဂျင်း) စတာတွေကနေ  အမှုန့်တမျိုးမျိုးကို ကော်ဖီ ၁ ဇွန်းလောက် ရေနွေးနဲ့ တနေ့ ၂ ကြိမ်နှုန်း ၃ ရက်လောက် သောက်ပေးနိုင်ပါတယ်။ ဓာတ်စာအဖြစ် ထန်းလျက်စားပြီး ရေနွေးပူပူသောက်ပေးပါ။

ဆောင်းရာသီမှာ အသားအရေခြောက်သွေ့တာ သက်သာစေဖို့ အုန်းဆီ၊ နှမ်းဆီတို့ကို လိမ်းပေးနိုင်ပါတယ်။

ဖနောင့်အက်ကွဲတာအတွက် ဘူးရွက်၊ ကန်စွန်းရွက်၊ ကပ်စေးနှဲရွက် ရရာတခုခုကို ထုထောင်းပြီး ဖနောင့်အက်ကွဲတဲ့ ဒဏ်ရာပေါ်မှာ စည်းထားပေးနိုင်ပါတယ်။

ကိုယ်လက်ကိုက်ခဲတာအတွက် တမာရွက် တမာခေါက် အုန်းရွက် ပြုတ်ရည်နွေးနွေးနဲ့ ရေချိုးပေးနိုင်ပါတယ်။ ထန်းရည်ချို ဖန်ခွက် ၁ ခွက်စာ သောက်ပေးနိုင်ပါတယ်။ ဝမ်းချုပ်ပါက မန်ကျည်းမှည့်ဖျော်ရည်ကို ညအိပ်ရာဝင်ချိန်မှာ သောက်ပေးပါ။ ငှက်ပျောသီးမှည့်၊ ဖရဲသီး၊ နာနတ်သီး နဲ့ အရည်ရွှမ်းတဲ့ အသီးတွေ စားပေးနိုင်ပါတယ်။ နှမ်းဆီကို အပူပေးပြီး လိမ်းကျံ နှိပ်နယ်ပေးနိုင်ပါတယ်။

အအေးမိ၊ ကိုယ်ပူ ဖျားနာတာအတွက် ငရုတ်ကောင်း၊ ချင်း(ဂျင်း)၊ ပိတ်ချင်း၊ လေးညှင်း တို့မှ အမှုန့်တမျိုးမျိုးကို တခါသောက် ကော်ဖီ ၁ ဇွန်းကို ကွမ်းရွက်ပြုတ်ရည်ပူပူနဲ့ဖြစ်စေ၊ ငရုတ်ကောင်း၊ ချင်း(ဂျင်း)၊ ပိတ်ချင်း၊ လေးညှင်းစတဲ့ တမျိုးမျိုး ပြုတ်ရည် ရေနွေးကြမ်းပန်းကန် တဝက်ဖြစ်စေ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ကုက္ကိုရွက်သတ္တုရည် တခါသောက် ကော်ဖီ ၂ ဇွန်းကို တနေ့ ၂-၃ ကြိမ် သောက်ပေးပါ။ မြေစာမြက်ပြုတ်ရည် တခါသောက် ‌ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးပါ။ ကင်ပွန်းချဥ်ရွက်ကြမ်းပြုတ်ရည် တခါသောက် ‌ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးပါ။

ဖော်ပြထားတဲ့ ဆေးများမှ မိမိနဲ့နီးစပ်ရာ ဆေးတမျိုးမျိုးကို ရယူသုံးစွဲနိုင်ပါတယ်။

ကိုယ်ပူဖျားနာစဥ်မှာ အစာမာတွေ၊ အစာမကြေ ကျက်ခဲတဲ့အစာတွေ မစားပါနဲ့။ ဆန်ပြုတ်၊ စွပ်ပြုတ်အရည်တွေ မကြာမကြာ သောက်ပေးနိုင်ပါတယ်။ လေမသက်ပါက ဆားမီးဖုတ် အနည်းငယ်ကို ရေနွေး၊ ထန်းလျက်တို့နဲ့ စားပေးနိုင်ပြီး ကြက်သွန်ဖြူကို မီးအုံးလို့ ဖြစ်စေ အခွံပါ ပြုတ်လို့ဖြစ်စေ စားပေးနိုင်ပါတယ်။

တုပ်ကွေးနဲ့ ကိုဗစ်-၁၉ ရောဂါတွေအတွက် ကိုယ်တွင်းခုခံအားကို ပြင်ဆင်ရမှာဖြစ်ပြီး ခွန်အားကိုဖြစ်စေပြီး အစာကြေလွယ်တဲ့ အစားအသောက်တွေကို မကြာမကြာ စားသောက်ပေးရပါမယ်။ အသားစွပ်ပြုတ်တွေနဲ့ အရည်ရွှမ်းတဲ့ အသီးအနှံတွေ စားသောက်ပေးနိုင်ပါတယ်။ ဒိန်ချဉ်ကို ထန်းလျက်နဲ့ အသင့်အတင့် စားနိုင်ပါတယ်။

ချင်း(ဂျင်း)ရေနွေးကြမ်းကို ပျားရည်အနည်းငယ်ထည့်ပြီး သောက်ပေးနိုင်ပါတယ်။ ကြက်သွန်နီကို ထုထောင်းပြီး တခါသောက် ကော်ဖီ ၁ ဇွန်း တနေ့ ၂-၄ ကြိမ် သောက်ပေးနိုင်ပါတယ်။ ပိစပ်ရွက်(ဂျာမနီ) သတ္တုရည် ကော်ဖီ ၁ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်း ရောစပ်ပြီး မြင်းခွာရွက်ပြုတ်ရည် သို့မဟုတ် ဝါးရွက် ရေနွေးကြမ်းနဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးပါ။

ကောင်းစွာ အနားယူပြီး စိတ်ဖိစီးမှုတွေ လျှော့ချပါ။ ပင်ပန်းစေတဲ့ လှုပ်ရှားမှုတွေ မပြုလုပ်ရပါ။ ရေခဲစိမ်အစားအစာတွေ စားသောက်ခြင်း ရှောင်ကြဥ်ပါ။ လေကောင်းလေသန့်ရရှိအောင် ဂရုစိုက်ပါ။ အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ပါ။

နွေဦးပြည်သူတို့အတွက် ဆောင်းရာသီမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတွေနဲ့ လက်လှမ်းမီဆေးဝါးတွေနဲ့ စောင့်ရှောက်ပုံကို ဖော်ပြလိုက်ပါတယ်။ ပြည့်စုံလုံလောက်မှု ရှိတယ်လို့ မဆိုနိုင်ပေမဲ့ အခုကာလမှာ နွေဦးပြည်သူတို့အတွက် တဖက်တလမ်းက တစုံတရာ အကျိုးပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ခရီးဆုံးမှာ အတူတကွ ဆုံတွေ့ကြပါစို့။

သာဇဏ် (CDM တိုင်းရင်းဆေးပညာရှင် ကျန်းမာရေးဝန်ထမ်း)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024