Home
မြန်မာသတင်း
ကျောက်မဲတွင် တိုက်ပွဲဖြစ်၊ ဓာတ်ဆီဆိုင်နှင့် ကား ၃ စီး မီးလောင်
DVB
·
November 28, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ နိုဝင်ဘာ ၂၇ ရက် ညက မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ ပစ်ခတ်မှုဖြစ်ပြီး ဓာတ်ဆီဆိုင်နဲ့ ကား ၃ စီး မီးလောင်သွားပါတယ်။

မနေ့ည ၇ နာရီကျော်လောက်က သီပေါမြို့အထွက် ပန်မောင်ကျေးရွာရှိ အေးရှားဝေါလ် တိုးဂိတ်တဝိုက်မှာ ပစ်ခတ်သံတွေကြားရပြီး စစ်ကောင်စီရဲ့ လေယာဉ်တစီး ဝဲပျံလာကြောင်း၊ အဲဒီနောက် ပေါက်ကွဲသံနဲ့အတူ မီးလောင်ခဲ့တာလို့ ကျောက်မဲဒေသခံတဦးက ပြောပါတယ်။

“လေယာဉ်ပျံလာပြီးတဲ့နောက် မီးတွေလောင်နေတယ်။ လေယာဉ်ပေါ်ကနေ ပစ်ချခံရတယ် ထင်တယ်။ ကနေ့မနက် သွားကြည့်တော့ အဲဒီတိုးဂိတ်နားက ဓာတ်ဆီဆိုင် အကုန်လုံး ပြာဖြစ်သွားပြီ။ တွဲကားနှစ်စီးလည်း မီးလောင်ပြီး လုံးဝပျက်စီးသွားတယ်။ နောက်တစီးက မီးဟပ်ခံရတယ်။ တိုးဂိတ်က နည်းနည်းထိတယ်။ ကနေ့မနက် တိုက်ပွဲငြိမ်နေလို့ အပြင်ထွက်ကြည့်တာ။”

ကျောက်မဲ နမ့်ခုံးရှမ်းများပရဟိတအသင်း လူမှုကွန်ရက်မှာတော့ တိုးဂိတ်အနီးက အလောင်းတလောင်း သွားရောက်သယ်ဆောင်နေတယ်လို့ ဖော်ပြထားပြီး အသေးစိတ် သိရဖို့တော့ အသင်းတာဝန်ရှိသူတွေနဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

တိုက်ပွဲဟာ ကျောက်မဲထိရောက်လာမှာ စိုးရိမ်လို့ မြို့ခံတချို့ စစ်ဘေးရှောင်ဖို့ ပြင်ဆင်နေကြကြောင်း၊ မနေ့ကလည်း ကျောက်မဲအရှေ့ဘက် ပူးခါး၊ ခိုင်းမွန်၊ လွိုင်ခေါ်၊ လုံကြိမ်၊ နောင်လိုင်၊ လုံဝိုင်၊ နမ့်ဟူး၊ ကျင်သီ စတဲ့ ကျေးရွာတွေဘက်မှာ ပစ်ခတ်မှုတွေရှိပြီး သံဃာတော်တွေနဲ့ ရွာသားတချို့ ကျည်ထိမှန်ခံခဲ့ရတယ်လို့ နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။

“၂၆ ရက် ညဉ့်သန်းခေါင်ကျော်လောက်မှာ နမ့်ဟူးရွာထဲ လက်နက်ကြီးကျပြီး ကျောင်းတိုက်က ဦးပဥ္စင်းတပါး ကျည်ထိတယ်၊ ခြေထောက်နဲ့ လက်တွေမှာ ဒဏ်ရာရတယ်။ မနေ့မနက်မှာ လွိုင်ခေါ်ရွာက အသက် ၂၉ နှစ်ရွယ် အမျိုးသမီးတဦးက လပြည့်နေ့ဆိုတော့ နတ်စင်မှာ မီးသွားထွန်းမလို့ လမ်းမှာ ဘယ်ဘက်ကလာမှန်းမသိတဲ့ လက်နက်ကျည်က လက်မောင်းကို ထိသွားတယ်။ နောက်ပြီး ပူးခါးရွာက စိုင်းအိုက်ဦးလည်း လည်ကုပ်နဲ့ ခြေထောက်တွေမှာ ကျည်စမှန်တယ်။”

ထိခိုက်ဒဏ်ရာရတဲ့ ဘုန်းကြီးနဲ့ ရွာသားတွေကို ကျောက်မဲ နမ့်ခုံးရှမ်းများပရဟိတအသင်းက သွားရောက်ခေါ်ဆောင်ပြီး ကျောက်မဲဆေးရုံကြီးကို ပို့ပေးခဲ့ကြောင်း၊ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ဒေသခံက ပြောပါတယ်။

ကျင်သီတံတားနားက တိုက်ပွဲတွေကြောင့် ရွာသားတွေ စစ်ဘေးရှောင်နေရာက မနေ့က မိမိအိမ် ခဏပြန်လာကြည့်တာမှာ နေအိမ်တချို့ လက်နက်ကျည်ထိခံထားရသလို တချို့ ဖောက်ထွင်းခံရပြီး အဝတ်အစားတွေ မွှေနှောက်ခံရတယ်လို့ ဆိုပါတယ်။

ကျင်သီတံတားကို မဟာမိတ်အဖွဲ့က ဖောက်ခွဲဖျက်ဆီးထားပြီး စစ်ကောင်စီဘက်က ပြန်လည်ပြုပြင်ဖို့ ကြိုးစားစဉ် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာပါ။ လက်ရှိအချိန်မှာတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ကျင်သီတံတားကို ပြန်သိမ်းနိုင်ပြီလို့ ထုတ်ပြန်ထားပါတယ်။

ကျောက်မဲမြို့နယ်ထဲက တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူ ၈၀၀ နီးပါး နောင်ပိန်ဝိဟာရဓမ္မာရုံ၊ နောင်ပိန်ရှမ်းကျောင်း၊ ပုပ္ပာရုံကျောင်းတိုက်၊ ပန်ကောက်၊ ပါပွတ်၊ ပန်မခေါ်၊ နောင်ပစ် စတဲ့ကျေးရွာတွေမှာ ဝင်ရောက်ခိုလှုံနေကြရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024