Home
မြန်မာသတင်း
ကျိုက်မရော တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၂ ဦးသေပြီး ၂ ဦးဒဏ်ရာရ
DVB
·
November 28, 2023

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ လှကဇိုင်းနှစ်ခွကျေးရွာအနီးမှာ နိုဝင်ဘာ ၂၇ ရက် မနက် ၉ နာရီလောက်က စစ်ကောင်စီပူးပေါင်းတပ်တွေက ချောင်းနှစ်ခွကျေးရွာကို အင်းအားဖြည့်တင်းဖို့ ကြိုးစားလာတာကြောင့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူအပြင် အရှင်ဖမ်းဆီးရမိသူတွေ ရှိတယ်လို့ တော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူဆီက သိရပါတယ်။

ကြာအင်းဆိပ်ကြီး-မုဒုံ လမ်းပေါ်က ချောင်းနှစ်ခွတံတား၊ ရဲစခန်းနဲ့ တောင်ကလေးကျေးရွာ အနီးတဝိုက်ကို KNLA၊ KNDO၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး လက်ရှိမှာ အင်အား ၂၀၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်တွေက ဘက်ပေါင်းစုံက အင်အားဖြည့်တင်းဖို့ ကြိုးစား​နေတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီပူးပေါင်းတပ်ဘက်က BGF အပါအဝင် ၁၂ ယောက်သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိကာ ၄ ယောက် အရှင်ဖမ်းဆီးရမိခဲ့တဲ့အပြင် လက်နက် ၁၅ လက် သိမ်းဆည်းရမိပြီး တော်လှန်ရေးတပ်ပေါင်းစုဘက်က ၂ ယောက် ဒဏ်ရာရရှိကာ KNLA တပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးပြီး လက်ရှိမှာ နှစ်ဖက် စစ်ရေးတင်းမာနေပါတယ်။

တော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူက “အခုလာတာ BGF တွေပါ စစ်ကြောင်းထိုးလာတာ။ တပ်ဖြန့်ပြီးလာတော့ ကျနော်တို့ ကြားဖြတ်အဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့တာ။ လေကြောင်းပစ်ခတ်မှုတော့ လောလောဆယ်မရှိဘူး။ လက်နက်ကြီးတွေနဲ့ ရမ်းသန်းထုတာရှိတယ်” လို့ ပြောပါတယ်။

ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လာမှာကို စိုးရိမ်တယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။

စစ်ရှောင်ပြည်သူတဦးက “တိုက်ပွဲက အဆက်မပြတ်ဖြစ်တယ်။ လေကြောင်းက မလာတာကြာပြီ။ လောလောဆယ်တော့ ရွာထက်စာရင် လုံခြုံတယ်လို့ ပြောလို့ရတယ်။ လေကြောင်းကိုတော့ ကြောက်ရတယ်။ လက်နက်ကြီးက ရွာထဲကို ပစ်ထည့်တာရှိတယ်” လို့ ပြောပါတယ်။

နိုဝင်ဘာ ၁၀ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် ချောင်းနှစ်ခွကျေးရွာအတွင်းက ပြည်သူပိုင်နေအိမ် ၂၀ နီးပါး မီးလောင်ပျက်စီးခဲ့ရပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ချောင်းနှစ်ခွကျေးရွာက အိမ်ခြေ ၅၀၀ ကျော်၊ လူဦးရေ ၅,၀၀၀ ကျော် အပါအဝင် အနီးအနား ကျေးရွာတွေဖြစ်တဲ့ တောင်ကလေး၊ မယ်တရို၊ ကဒါ၊ လှိုင်ကမိန်၊ သရက်ကုန်း စတဲ့ကျေးရွာက ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ ဒီကနေ့အထိ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024