Home
ဆောင်းပါး
မင်းအောင်လှိုင် တကယ်ပွဲပြီးပြီ ဆိုလား
DVB
·
November 28, 2023

“ငါ့တူကြီးရေ၊ ဒီကောင်တွေတော့ ခွေးရူးဖြစ်နေပြီ” လို့ သိပ်ပြောချင်နေတဲ့အချိန် ဘကြီးရဲ့ ထုံးစံအတိုင်း အရင်းမရှိ အဖျားမရှိ ဖုန်းဝင်ပြီဆိုတာနဲ့ ပြောချလိုက်တယ်။ ဘကြီး သိပ်ပျော်နေတယ်။ ဘကြီးဆီက ဖုန်းဝင်လာတဲ့အခါတိုင်း အသက် ၈၀ ကျော်နဲ့ မလိုက်တဲ့ တက်ကြွမှုတွေကို တွေ့လာရတယ်။

“ဇာတ်စကားနဲ့ပြောရရင် ကိုယ်မသေခင် ဒီမိုကရေစီရတာ မြင်သွားချင်ပေမဲ့ ၁၀၂၇ စစ်ဆင်ရေး မတိုင်ခင်က စိတ်တထင့်ထင့်ပဲ။ ၁၀၂၇ လည်း စလိုက်ရော ဘယ်ပြောကောင်းလိုက်မလဲ။ သတင်းတွေဖတ်ပြီးရင်လည်း အားတက်တယ်။ ငါ့တူကြီးတို့ရေးတဲ့ သုံးသပ်ချက်တွေ ဖတ်ပြီးရင်လည်း ပိုပြီးတော့ အားတက်သေးတယ်” လို့ ဘကြီးက ဆိုတယ်။

၁၀၂၇ နဲ့ စီးရီးလိုက်ဆွဲနေတဲ့ စစ်ဆင်ရေးတွေက သိပ်အားကောင်းနေတော့ ဘကြီးလည်း လိုင်းမသုံးရ မနေနိုင်။ ဘကြီးတို့ တောမြို့လေးက PDF မရှိ၊ တော်လှန်ရေးအသိ နည်းနည်းနဲ့ ပျော်သလို လည်ပတ်နေတာမျိုးမို့ စစ်တပ်နဲ့ရဲကို အချွန်နဲ့မမယ့်ကောင်တွေက ပေါပေါ။ အထူးသဖြင့် မူးယစ်ဆေးရောင်းတဲ့ကောင်တွေက မျက်နှာလိုမျက်နှာရ သိပ်လုပ်တတ်တာမို့ ဖေ့စ်ဘွတ်ခ်သုံးရတာ သတိကြီးကြီးထားရ။ အဖမ်းခံရရင် သိန်းသုံးလေးဆယ်ပေးမှ ပြန်လွတ်တာမို့ သတိကြီးတဲ့ ဘကြီးက သူဖေ့စ်ဘွတ်ခ်သုံးတာကိုတောင် လူသိမခံ။

မြို့ပေါ်မှာ အင်တာနက်သုံးလို့မရတဲ့ ခလုတ်ဖုန်းကြီးကြီး ခါးကြားထိုး လျှောက်သွားနေပြီး မြို့ပြင်က ဘကြီးရဲ့ သီးနှံစုံခြံကြီးထဲရောက်မှ ဝှက်ထားတဲ့နောက်ဖုန်းကိုထုတ်၊ ဖေ့စ်ဘွတ်ခ်ကို အားရပါးရသုံးလို့။ အခုနောက်ပိုင်း ကျနော့်ညီဝမ်းကွဲက ဘကြီးစာဖတ်ရအဆင်ပြေအောင် တက်ပလက်နဲ့ အင်တာနက် ချိတ်ပေးထားတာမို့ ပိုအဆင်ပြေ။ ဘကြီးလိုင်းသုံးတာက ကျနော်ညွှန်းထားတဲ့ သတင်းဌာနတွေထဲ သတင်းတွေ၊ သုံးသပ်ချက်တွေ ဝင်ဖတ်၊ ဝင်နားထောင်ဖို့နဲ့ စစ်ဂနယ်ဖုန်း အသုံးပြုဖို့။

အခု ရန်ကုန်မှာ စစ်တပ်က နေ့ခင်းကြောင်တောင်လည်း လူငယ်တွေကို လမ်းမတွေပေါ်စစ်၊ ဖုန်းထဲမှာ တော်လှန်ရေးနဲ့ပတ်သက်တာ တခုခုတွေ့တာနဲ့ ရဲစခန်းခေါ် ငွေညှစ်။ ပြီးတော့ ပေါ်တာဆိုတာကြီးကလည်း သိပ်ခေတ်စားနေလေတော့ ဘကြီးခမျာ မနေသာ။ ရန်ကုန်က ကျနော့်သားနဲ့ ကျနော့်ညီရဲ့သားတွေဆီ ဖုန်းဆက်။ ဒီကောင်တွေ ခွေးရူးဖြစ်နေပြီဆိုတဲ့ စကားကိုပဲ တွင်တွင်သုံးလို့။ ခွေးရူးဆိုတာ ဘယ်သူ့ကိုမှမရှောင်၊ တွေ့ရာလူ ကိုက်တော့တဲ့အကြောင်း ပြောပြ။ “ဘကြီးက အရင်က ဒီကောင်တွေကို ခွေးတွေလို့ ထင်ထားတာ။ အခုကတော့ တွေ့တဲ့လူ လျှောက်ကိုက်တဲ့ ခွေးရူးဖြစ်နေပြီ” တဲ့။

တရုတ်ကို စစ်တပ်လက်ဝေခံမျိုးချစ်တွေက ဆန္ဒပြကြတာပဲကြည့်တော့။ မဟာဗျူဟာမြောက် မိတ်ဘက်ဆက်ဆံရေးဆိုတဲ့ ဆွေမျိုးပေါက်ဖော် တရုတ်ကြီးကိုလည်း အထာမထားနိုင်တော့။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်၊ ဘေဂျင်းမှာကျင်းပခဲ့တဲ့ ပိုးလမ်းမဖိုရမ်ပွဲကို  နိုင်ငံခေါင်းဆောင် အစုံအလင် ဖိတ်ကြားခဲ့ပြီး အာဖဂန်က တာလီဘန်ကိုတောင် ဖိတ်ကြားခဲ့ပေမဲ့ မင်းအောင်လှိုင် ဖိတ်ကြားမခံရ။ အဲဒီကတည်းက တင်းနေတဲ့အတင်း။ အခုတော့ စစ်တပ်က လုံခြုံရေးအပြည့်ပေးထားတဲ့ မျိုးချစ်တို့ရဲ့ ဆန္ဒပြပွဲမှန်သမျှ တရုတ်အစိုးရ ဆန့်ကျင်ကြ ဆိုတာချည်း။

မင်းအောင်လှိုင်က တရုတ်ကိုတောင် ဆန့်ကျင်နေပြီလို့ စစချင်း ဘကြီးဖုန်းဆက်ပြီး ပြောတော့ သိပ်မယုံချင်။ ဘယ်ကသိတာတုန်းလို့ မေးကြည့်တော့ ဘကြီးသူငယ်ချင်းဆီကတဲ့။ ဘကြီးသူငယ်ချင်းဆိုတာက စစ်သားဟာ စစ်သားအလုပ်ပဲ လုပ်ရမယ်ဆိုတဲ့ အငြိမ်းစား တပ်အရာရှိကြီး။ သူ့ကြည်ညိုတဲ့ တပည့်တပန်းတွေက လက်ရှိစစ်တပ်ထဲမှာ အကောင် ခပ်ကြီးကြီးတွေမို့ လက်ရှိတပ်ထဲက သတင်းတွေကို ပြန်ကြားနေတဲ့ ဘိုးတော်ကြီး။ အရင့်အရင် ဘကြီးသူငယ်ချင်းပြောတဲ့ တပ်တွင်းသတင်းတွေက မှန်နေတာမို့ မယုံလို့မရ။ ဒါနဲ့ အဘကြိုက် မီဒီယာတွေကို စောင့်ဖတ်နေရ။ နိုဝင်ဘာ ၁၆ ရက်၊ Popular News အွန်လိုင်းစာမျက်နှာမှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအကြောင်း ဖော်ပြမှပဲ ယုံရတော့တယ်။

Popular News ရဲ့ သတင်းခေါင်းစဉ်က “ကျားဖျန့်နှိမ်နင်းရေးအမည်တပ် တရုတ်၏ ဖိအားပေးမှုများ ခပ်စိတ်စိတ်တွေ့လာရပြီး ကန့်ကွက်မှုများလည်း တန်ပြန်လုပ်ဆောင်လာကြ” တဲ့။ နယ်ပေါင်းစုံက စစ်ကျွန်မျိုးချစ်တို့ရဲ့ ဆန္ဒပြဓာတ်ပုံတွေ ဝေဝေဆာဆာနဲ့။ ဒါပေမဲ့ ဆန္ဒပြ ဗီနိုင်းစာသားတွေကိုတော့ သဲသဲကွဲကွဲမမြင်ရ။

နိုဝင်ဘာ ၁၉ ရက်နေ့၊ ရန်ကုန်မြို့တော်ခန်းမရှေ့နဲ့ တရုတ်သံရုံးပြင်ပမှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲကျမှ ထင်ထင်ရှားရှား ဗီနိုင်းစာသားတွေကို မြင်ရ။ “ပြည်တွင်းရေးကို ဝင်ရောက်နှောင့်ယှက်သူများအား ဆန့်ကျင်ကြ” တဲ့။ “ပြည်ထောင်စုပြိုကွဲမည့်အကြံ ဒို့လက်မခံ” တဲ့။ “ဒါ ငါတို့တိုင်းပြည်၊ ငါတို့ပြည်ထောင်စု၊ ငါတို့ပြည်တွင်းရေး” တဲ့။ “တရုတ်နိုင်ငံအနေဖြင့် မြန်မာပြည်မြောက်ပိုင်းမှ အကြမ်းဖက်သောင်းကျန်းသူများကို ကူညီပံ့ပိုးနေမှုများ ရပ်တန့်ရန် တောင်းဆိုသည်” တဲ့။

ပြီးတော့ မျိုးချစ်ဘုန်းကြီးလို့ဆိုသူက တရုတ်အစိုးရဟာ ညီနောင် ၃ ဖွဲ့နဲ့ PDF တွေကို လက်နက်တပ်ဆင်ပေးနေတယ်လို့လည်း ဆိုလိုက်သေး။ တရုတ်သံရုံးရှေ့ကို ချီတက်သွားတဲ့ အချိန်ကျတော့လည်း “တရုတ်သည် မြန်မာ့ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်နေသည်”၊ “အမြတ်ထုတ်ဖို့ မကြိုးစားနဲ့”၊ “ငါတို့သံဃာနဲ့ ပြည်သူက တရုတ်ကိုတိုက်ခိုက်မယ်” ဆိုတဲ့ ကြွေးကြော်သံတွေတောင် အော်ဟစ်လိုက်သေး။

မင်းအောင်လှိုင်ရဲ့ ရိုက်ချက်တွေက အဲဒီလို အကွေ့အဝိုက်မရှိ၊ တည့်ဆိုတာချည်း။ ပထမ၊ နာပေမဲ့ ကြိတ်ခံ၊ ဘယ်လိုမှ မခံနိုင်တဲ့အဆုံးတော့ ၅၀၀၀ စား စစ်ကျွန်မျိုးချစ်တွေကိုခေါ်၊ ဗီနိုင်းတွေထုတ်ပေးပြီး ဆန္ဒပြခိုင်းရတာမျိုးလည်း ဖြစ်နိုင်။ ဘကြီးပြောသလို တရုတ်ကြီးရဲ့ လက်ဆ ပြင်းသွားတာကြောင့်လည်း ဖြစ်နိုင်တာပေါ့။

အဲဒီလို တရုတ်ကြီးကို ဆန္ဒပြအပြီး တရုတ်ကြီးက ဘယ်လိုတုံ့ပြန်သလဲဆိုတာ မသိရသေးပေမဲ့ လတ်လတ်ဆတ်ဆတ်ကြီးကို ပြဿနာပိုကြီးသွားတာက မင်းအောင်လှိုင်တပ်တွင်း ငါတို့ရှုံးပြီဆိုတဲ့စိတ် ပိုကြီးထွားသွားစေတာပဲလို့ ဘကြီးသူငယ်ချင်းရဲ့ ပြောကြားချက်၊ ဘကြီးက ပြန်ဖောက်သည်ချရဲ့။

“သန်းရွှေလက်ထက်ကစပြီး တရုတ်ကြီးကို အားကိုးလာတာလေ။ တရုတ်ကြီးကလည်း စစ်တပ်ကို တောက်လျှောက် အကာအကွယ်ပေးခဲ့တာ မင်းအောင်လှိုင်လက်ထက်ကျမှ ဒါမျိုးဖြစ်တာဆိုတော့ မင်းအောင်လှိုင်အပေါ် နဂိုကတည်းက ယုံကြည်မှုပျက်နေတဲ့ကြားထဲက အခု ပိုထပ်ပျက်တာပေါ့။ စစ်တပ်အသက်ဆက်ဖို့ အားကိုးစရာ တရုတ်ပဲရှိတာ၊ အခု တရုတ်ကိုပါ ဆန္ဒပြရတဲ့ဘဝ ရောက်လာတော့ ပွဲပြီးသွားပြီလို့ တွက်ကုန်ကြတယ်” လို့ ဘကြီးက ပြောပြတယ်။

စစ်တပ်တွင်း မင်းအောင်လှိုင်ဘက်တော်သား ငမိုက်သားများကတော့ ၁၀၂၇ စစ်ဆင်ရေးဟာ တရုတ်စနက်လို့ တပ်အပ်စွဲကာ ဘေဂျင်းမြို့တော်အထိတောင် ရုရှားတိုက်လေယာဉ်တွေနဲ့ တက်သိမ်းပစ်မယ်ဆိုလား ဝမ်းလျှောနေတဲ့လေသံနဲ့ အော်ဟစ်နေကြသတဲ့။ မင်းအောင်လှိုင်ကိုလည်း မတော်လှန်ရဲ၊ စစ်တပ်ထဲကနေလည်း ထွက်မပြေးရဲ၊ ဘယ်နေ့ ကျည်သင့်မလဲ ဆိုတာလည်း ကြောက်နေရ၊ ပွဲပြီးသွားတဲ့အချိန် ခုံရုံးတင်ခံရမှာလည်း ကြောက်ရနဲ့ ဒါတွေဟာ မင်းအောင်လှိုင်ကြောင့်ဆိုပြီး စိတ်အနာကြီးနာနေသူတွေ ဒုနဲ့ဒေးကတော့ အခုပဲ ရူးရတော့မှာလိုလို မနက်ဖြန်ကျမှပဲ ရူးရတော့မှာလိုလို။

စစ်သားတွေ တိုက်တိုင်းရှုံးနေတာ သေချာတယ်။ စခန်းတွေ အသိမ်းခံရ၊ မြို့တွေ အသိမ်းခံရ၊  နိုဝင်ဘာ ၂၄ ရက် မနက်မှာပဲ NUG ဝန်ကြီး ဒေါက်တာဆာဆာရဲ့ ဇာတိမြို့ ချင်းပြည်နယ်၊ လိုင်လဲန်းပီမြို့ကို ချင်းပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တာ မင်းအောင်လှိုင် မသိနိုင်ပေမဲ့ အသေအချာ။ စစ်သားတွေ အသေမခံ၊ မဟန်တာနဲ့ ပြေးရင်ပြေး၊ မပြေးရင် အလံဖြူထောင် လက်နက်ချ။ တပ်ရင်းလိုက် ပြည်သူ့ရင်ခွင်ဝင်တာလည်း အားလုံးမျက်မြင် ငြင်းမရ။

“အခုအချိန်မှာ နေပြည်တော်က ဗိုလ်ချုပ်ဆိုတဲ့ကောင်တွေ မင်းအောင်လှိုင်နဲ့ အမှုတွဲ အဖြစ်ခံမလား၊ မင်းအောင်လှိုင်ကို ဆန့်ကျင်ပြီး ပြည်သူ့ရင်ခွင်ဝင်မလား တခုခု ပိုင်းဖြတ်ရတော့မယ့်အချိန် ရောက်ပြီ” လို့လည်း ဘကြီးက နိုင်ငံရေးပရောဟိတ်လေသံနဲ့ ပြောလိုက်သေးတယ်။

ဘယ်လိုတွက်နည်းနဲ့ပဲတွက်တွက် နောက်နှစ်လောက်ဆို ငါ့တူကြီးတို့လည်း အိမ်ပြန်ရတော့မယ်။ ဘကြီးတို့လည်း အသက်ရှင်ရကျိုး နပ်ဦးမယ်တဲ့။ ဘကြီးက ဆက်ဟောကိန်းထုတ်ပြန်တယ်။ မြန်မာပြည်သူတွေ ပျော်နေသလို ကျနော့်ဘကြီးလည်း ပျော်နေတယ်။ သိပ်မကြာခင် အားလုံး အတူပြန်ဆုံကြမယ်တဲ့။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024