မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီရင်ပြင်တော်မှာ အကြိမ် ၄၀ မြောက် မသိုးသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၆ ရက် ညပိုင်းက ကျင်းပ ပါတယ်။
ကျိုက်ထီးရိုးဒေသခံတဦးက"မသိုးသင်္ကန်းဆိုတာ နောက်နေ့မကူးခင် ပြီးရတာဆိုတော့ ဒီညနေကတည်းက စတင်ယှဥ်ပြိုင်ရတာပေါ့။ လပြည့်နေ့မှာ ကျိုက်ထီးရိုးမှာ ကပ်လှူပူဇော်မှာ။ ပြိုင်ပွဲယှဥ်ပြိုင်တဲ့ သူတွေအကုန်လုံးကို ဆုကြေးပေးမှာ။ ဘုရားပေါ်မှာ လူအများကြီးမရှိပါဘူး။ ပြိုင်တဲ့သူတွေနဲ့ သူတို့လူတွေပဲရှိတာ" လို့ ပြောပါတယ်။
မသိုးသင်္ကန်းကပ်လှူပူဇော်ပြိုင်ပွဲမှာ အဖွဲ့ ၄ ဖွဲ့ဝင်ပြိုင်ကြပြီး ပထမရရှိတဲ့အသင်းကို ဆုကြေးငွေ ကျပ် ၃ သိန်း၊ ဒုတိယဆု အသင်းကို ဆုကြေးငွေ ၂ သိန်း၊ တတိယရရှိတဲ့အသင်းကို ဆုကြေးငွေ ၁ သိန်းနဲ့ စတုတ္ထရရှိတဲ့အသင်းကို ဆုကြေး ၅ သောင်း ကို တန်ဆောင်းမုန်းလပြည့်နေမှာ ချီးမြှင့်သွားပါမှာ ဖြစ်ပါတယ်။