Home
မြန်မာသတင်း
မူဆယ် နယ်စပ်ဂိတ်ကို MNDAA က သိမ်းပိုက်
DVB
·
November 26, 2023

မြန်မာနိုင်ငံရဲ့ အရှေ့မြောက် စီးပွားရေးတံခါးပေါက်ဖြစ်တဲ့ မူဆယ်၊ ကျင်စန်းကျော့ နယ်စပ်ဂိတ်ကို နိုဝင်ဘာ ၂၅ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ကိုးကန့်တပ်ဖွဲ့ MNDAA က သိမ်းပိုက်လိုက်ပြီလို့ တပ်ဖွဲ့ရဲ့ ပြန်ကြားရေးဌာနတခုဖြစ်တဲ့ The Kokang သတင်းဌာနက ထုတ်ပြန်ထားပါတယ်။ 

ဒေသခံတယောက်က "ကျင်စန်းကျော့ အသိမ်းခံလိုက်ရပြီ။ ရွာခံတွေက နယ်ခြား စည်းရိုးနား စစ်ရှောင်နေရတယ်" လို့ ပြောပါတယ်။ 

နေ့ခင်းပိုင်းကတည်းက ကျင်စန်းကျော့ဘက်က လူတွေနဲ့ ဖုန်းအဆက်အသွယ် ပြတ်တောက်သွားပြီး ကားသမားတချို့ကိုလည်း ကိုးကန့် MNDAA ဘက်က ခေါ်ယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

မဟာမိတ်တပ်ဖွဲ့တွေအနေနဲ့ ကျင်စန်းကျော့ နယ်စပ်ဒေသကို နိုဝင်ဘာ ၂၅ ရက်နေ့ မနက် ၁၀ နာရီမှာ သိမ်းပိုက်နိုင်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တရုတ် - မြန်မာ နယ်စပ်ဂိတ်တွေရှိတဲ့ မုံးကိုး၊ ပန်ဆိုင်း၊ ကျင်စန်းကျော့၊ ချင်းရွှေဟော် နယ်စပ်ဂိတ် ၄ ခု ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း အဲဒီ သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

နိုဝင်ဘာ ၂၃ ရက်နေ့ မနက် ၉ နာရီ‌ကျော်လောက်က သွင်းကုန်ကား ၂၅၈ စီး ရပ်နားထားတဲ့ ဆဲ‌ဗင်းဟွာကျင်း ကုန်ကားကွင်းမှာ လက်နက်ကျရောက် ပေါက်ကွဲတာကြောင့် ကား ၁၂၈ စီး မီးလောင် ဆုံးရှုံးခဲ့ရပါတယ်။ 

မျက်မြင်ဒေသခံတယောက်က “ဒရုန်းနဲ့လာတာ။ အထဲမှာ တပ်စွဲထားလို့ လာပစ်သွားတာပါ။ အထဲမှာသူတို့ မရှိရင် လာပစ်စရာ အကြောင်းကို မရှိဘူး" လို့ ပြောပါတယ်။ 

လောင်ကျွမ်းဆုံးရှုံးသွားတဲ့ သွင်းကုန်ကားတွေပေါ်မှာ ကုန်တန်ဖိုး သိန်း ၂၅၀၀ နဲ့ ၅၅၀၀ ဝန်းကျင်ပါရှိပြီး တွဲကားအများဆုံးဖြစ်ကာ တရုတ်ကားတွေလည်းပါသလို တချို့ကားတွေတော့ နံပါတ်ပြားတွေတောင် မမြင်ရဝောာ့ဘူးလို့ ဆိုပါတယ်။ 

စစ်ကောင်စီဘက်ကတော့ မဟာမိတ်တပ်ဖွဲ့ဘက်က ဒရုန်းနဲ့ Drop Bomb တွေ လာကြဲသွားကြောင်း ထုတ်ပြန်ထားပြီး MNDAA ဘက်ကလည်း မီးလောင်ရတဲ့ အကြောင်းရင်းကို လတ်တလော မသိရသေးပေမယ့် မီးလောင်မှုမှာ MNDAA နဲ့ ဘာမှ မဆိုင်ကြောင်း၊ ကုန်စည်တွေဟာ အရပ်ဘက်သုံးပစ္စည်း‌တွေသာဖြစ်ပြီး MNDAA ဘက်က တိုက်ခိုက်ဖို့ ပစ်မှတ်မဟုတ်ကြောင်း၊ MNDAA ဘက်က အဲဒီနေရာကို အမြောက်နဲ့ မပစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024