Home
နိုင်ငံတကာ
အစ္စရေးနှင့် ဟားမတ်စ်တို့ ဓားစာခံများ အပြန်အလှန် လွှတ်ပေး
DVB
·
November 25, 2023

အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား သဘောတူညီထားချက်အရ ၄ ရက်တာ ယာယီအပစ်အခတ် ရပ်စဲရေးကို နိုဝင်ဘာ ၂၄ ရက်မှာ စတင်လိုက်ပြီး နှစ်ဖက် ဓားစာခံတွေထဲက ပထမဆုံးအသုတ်ကို အသီးသီး အပြန်အလှန် လွှတ်ပေးလိုက်ကြပါတယ်။ 

ဂါဇာစစ်ပွဲရဲ့ ပထမဆုံး အပစ်အခတ်ရပ်စဲရေးနေ့ဖြစ်တဲ့ နိုဝင်ဘာ ၂၄ ရက်မှာ ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေဟာ အစ္စရေးအမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ ထိုင်းလယ်ယာ လုပ်သားတွေ အပါအဝင် ဓားစာခံ ၂၄ ဦးကို လွှတ်ပေးခဲ့ပါတယ်။ 

ဟားမတ်စ်စစ်တပ်က ထုတ်ပြန်တဲ့ ဗီဒီယိုမှာ အမျိုးသမီးနဲ့ ကလေးတွေကို ကားပေါ်ကနေ ထိန်းကျောင်းပြီး ကြက်ခြေနီဝန်ထမ်းတွေက စောင့်ရှောက်ပေးနေတာ တွေ့ရပါတယ်။

ဓားစာခံတွေကို ဂါဇာကမ်းမြောင်ကနေ ခေါ်ထုတ်ခဲ့ပြီးတော့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဝန်ထမ်း ၈ ဦး လိုက်ပါလာတဲ့ ကား ၄ စီးပါ ယာဉ်တန်းနဲ့ ခေါ်ဆောင်လာခဲ့တာဖြစ်ပြီး ရာဖာနယ်စပ်ဂိတ်မှာ အီဂျစ်အာဏာပိုင်တွေဆီ လွှဲပြောင်း ပေးအပ်ခဲ့ ကြောင်း ICRC က ပြောပါတယ်။ 

အစ္စရေးစစ်တပ်ကလည်း လွတ်မြောက်လာတဲ့ ဓားစာခံတွေကို အစ္စရေးထဲကို သယ်ဆောင်လာတဲ့ ယာဉ်တန်းကို ပြသထားတဲ့ ဗီဒီယိုဖိုင်ကို သောကြာနေ့က ထုတ်ပြန်ခဲ့ပါတယ်။ 

ညအချိန် ရောက်လာတာနဲ့အမျှ ဓားစာခံတွေ ဂါဇာကမ်းမြောင်ကနေ ထွက်ခွာလာကြတာကြောင့် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု နဲ့ ကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ် ဂါလန့်ထ် တို့ဟာ သောကြာနေ့က အခြေအနေကို စောင့်ကြည့်ခဲ့ကြပါတယ်။ 

ဝန်ကြီးချုပ် နေတန်ယာဟုက အခု အစ္စရေးဓားစာခံတွေထဲက ပထမဦးဆုံးအသုတ်ဖြစ်တဲ့ ကလေးတွေ၊ သူတို့အမေတွေ၊ တခြားအမျိုးသမီးတွေ ပြန်လွတ်မြောက်လာကြပြီဖြစ်ကြောင်းနဲ့ အစ္စရေးရဲ့ဓားစာခံတွေအားလုံး ပြန်ရောက်လာကြဖို့က စစ်ပွဲရဲ့ ပန်းတိုင်တွေထဲကတခုဖြစ်ပြီး စစ်ပွဲရဲ့ပန်းတိုင်အားလုံးကို ပြီးမြောက်အောင်မြင်နိုင်ဖို့ ကတိပြုထားကြောင်းလည်း ဆိုပါတယ်။ 

ပါလက်စတိုင်းအကျဉ်းသားတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတွေဟာ သောကြာနေ့ ညနေပိုင်းမှာ အနောက်ဘက်ကမ်းရှိ ရာမာလာကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး အစ္စရေးတပ်ဖွဲ့တွေ ဟာ အခမ်းအနားတွေကို တားမြစ်ဖို့ မျက်ရည်ယိုဗုံးတွေ ပစ်ဖောက်ခဲ့ကြပါတယ်။ 

အစ္စရေးကနေ လွတ်မြောက်လာတဲ့ ပါလက်စတိုင်းဓားစာခံ ရာမာလာဒေသခံ လေ့သ် အို့သ်မန်ကတော့ ထောင်တွင်းအခြေအနေက ပြောမပြတတ်အောင် အရမ်းခက်ခဲပင်ပန်းပြီး အကျဉ်းခန်းတွေကနေ ထွက်ခွင့်မပြု၊ အစာမရှိ၊ ရေမရှိနဲ့ ငတ်ပြတ်နေတာ လို့ သတင်းထောက်ကို ဖြေကြားခဲ့ပါတယ်။ 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သောကြာနေ့က ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေ ဖမ်းဆီး ထားတဲ့ ဓားစာခံ ၂၄ ဦး လွတ်မြောက်လာမှုရဲ့နောက်ကွယ်က အမေရိကန် သံတမန်ဆက်ဆံရေးကို ချီးကျူးလိုက်ပြီး လာမယ့်ရက်တွေအတွင်း နောက်ထပ်ဓားစာခံ ဒါဇင်ပေါင်းများစွာကို သူတို့ရဲ့မိသားစုတွေဆီ ပြန်ရောက်လာမယ်လို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။ 

Source/Photo-Reuters 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024