Home
နိုင်ငံတကာ
နီပေါနိုင်ငံ၌ ဘုရင်စနစ် ပြန်လည်ထူထောင်ရန် ဆန္ဒပြ
DVB
·
November 25, 2023

နီပေါနိုင်ငံမှာ လွန်ခဲ့တဲ့ ၁၅ နှစ်က ဖျက်သိမ်းခဲ့တဲ့ ဘုရင်စနစ်ကို ပြန်လည် ထူထောင်ဖို့ ပြည်သူတွေက ဆန္ဒပြ တောင်းဆိုခဲ့ကြတာပါ။

နိုဝင်ဘာလ ၂၃ ရက် ဆန္ဒပြပွဲမှာတော့ နီပေါရဲတပ်ဖွဲ့ဟာ ကြိမ်လုံးတွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ မီးသတ်ပိုက်တွေကို အသုံးပြုပြီး ဘုရင်စနစ် လိုလားကြတဲ့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေကို လူစုခွဲခဲ့ ပါတယ်။

မော်ဝါဒီသူပုန်ထမှု အဆုံးသတ်ရေး သဘောတူညီချက်ရဲ့  တစိတ်တပိုင်းအဖြစ် ဘုရင်စနစ်ကို ဖျက်သိမ်းပြီးကတည်းက တက်လာတဲ့အစိုးရတွေဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေစာရင်းထဲက နီပေါနိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေဖို့ ကတိကဝတ်တွေကို လိုက်နာဖော်ဆောင်ဖို့ ပျက်ကွက်ခဲ့ကြတယ် လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဒီဆန္ဒပြပွဲကို “နိုင်ငံသားများလှုပ်ရှားမှု” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး အမျိုးဘာသာ သာသနာနဲ့ တိုင်းပြည်နဲ့ လူထုကို အောက်ခြေအဆင့်မှာ ကယ်တင်ဖို့ လုပ်ဆောင်တာဖြစ်ကြောင်း ဆန္ဒပြသူ မီလန်ချာပါဂိန်းက ပြောပါတယ်။

ဆန္ဒပြသူတွေဟာ ခတ္တမန္ဒူမြို့ဆင်ခြေဖုံးရှိ ရဲအတားအဆီးတခုကို ဖြိုဖျက် ဖြတ်ကျော်ခဲ့ပြီး မြို့တော်ရဲ့ဗဟိုကို ချီတက်ခဲ့ကြပါတယ်။

အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ကလည်း လူအုပ်ကြားတွေထဲဝင်ပြီး လူစုလူဝေးကို ပြန်တွန်းခဲ့ကြကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။

ဆန္ဒပြသူတွေက ကျောက်ခဲတွေနဲ့ ပစ်ပေါက်မှုကြောင့် ရဲအရာရှိတချို့ ဒဏ်ရာရခဲ့ကြောင်း ခတ္တမန္ဒူမြို့ အုပ်ချုပ်ရေးဆိုင်ရာ ထိပ်တန်းအရာရှိ ဂျီတန်ဒရာ ဘက်စ်နက်ထ်က ပြောကြားခဲ့ပါတယ်။ ခတ္တမန္ဒူမြို့လယ်မှာတော့ လူထုဆန္ဒပြပွဲတွေကို တားမြစ်ပိတ်ပင်ထားတာပါ။

၁၉၉၆ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း လူပေါင်း ၁၇၀၀၀ သေဆုံးခဲ့တဲ့ မော်ဝါဒီသူပုန်ထမှုကို အဆုံးသတ်ခဲ့တဲ့၂၀၀၈ ခုနှစ် က သဘောတူညီမှုအောက်မှာ အထူးရွေးကောက်တင်မြှောက်ထားတဲ့ အစည်းဝေးပွဲတခုကနေ နှစ်ပေါင်း ၂၃၉ နှစ် သက်တမ်းရှိတဲ့ နီပေါနိုင်ငံရဲ့ ဘုရင်စနစ်ကို ဖျက်သိမ်းခဲ့ပြီးတော့ ဖက်ဒရယ်သမ္မတနိုင်ငံ ထူထောင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ဘုရင်စနစ် ပြီးဆုံးသွားပြီး ၁၀ ကြိမ်လောက် အစိုးရအပြောင်းအလဲတွေ ရှိသွားခဲ့ချိန်အတွင်း နီပေါနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေက လွှမ်းမိုးခဲ့ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုက ထိတ်လန့်စရာ ချိနဲ့သွားတာကြောင့် လူငယ်သန်းပေါင်းများစွာဟာ အဓိကအားဖြင့် မလေးရှား၊ တောင်ကိုရီးယားနဲ့ အရှေ့အလယ်ပိုင်းဒေသတွေဆီ အလုပ်ရှာ ထွက်သွားကြတာ ဖြစ်ပါတယ်။

Source/Photo-Reuters 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024