Home
မေးမြန်းခန်း
“လူထုထောက်ခံမှု ရထားတဲ့ဘက်က  ထာဝရအားသာချက်ပါ” ဗကပ ရဲဘော်ဖိုးသံချောင်း 
DVB
·
November 24, 2023

လက်ရှိ ရှမ်းပြည်မြောက်ပိုင်း  ၁၀၂၇ စစ်ဆင်ရေးမှာ  ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ရဲ့  တပ်ဖွဲ့ဖြစ်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ရဲဘော်တွေလည်း ပါဝင်တိုက်ခိုက်နေသလို စစ်ကိုင်းတိုင်း စစ်ဒေသက တိုက်ပွဲတွေမှာလည်း တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေ ကြပါတယ်။

လက်ရှိပြည်သူတွေဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးအရွေ့ ဘယ်လောက်အထိ ရောက်နေပြီလဲ၊ တော်လှန်ရေးအောင်မြင်ဖို့ အဓိကဘာတွေ လိုအပ်နေသေးလဲ စတာတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ သက်တမ်းအရင့်ဆုံး နိုင်ငံရေးရေးပါတီဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းကို ဒီဗွီဘီသတင်းထောက် ထက်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။ 

(အပြည့်အစုံ) 

မေး - စစ်အာဏာရှင်ကို တောက်လျှောက် တော်လှန်ခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့  ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)  အနေနဲ့ နွေဦးတော်လှန်ရေးမှာရော ဘယ်လိုပုံစံမျိုး ပါဝင်ဆောင်ရွက်နေလဲ ပြောပြပေးပါဦး။

ဖြေ - “ကျနော်တို့ PLA အနေနဲ့ ကျနော်တို့ အတတ်နိုင်ဆုံး စစ်အုပ်စုကို ဆန့်ကျင်နေတဲ့ အင်အားစုတွေနဲ့ လက်တွဲပြီး တိုက်နေပါတယ်။ ကျနော်တို့ဟာ ပြည်သူလူထုကိုလည်း အလုပ်အကျွေးပြု၊ တဖက်ကလည်း ပြည်သူလူထုကို တတ်နိုင်သလောက် နေထိုင်မှု ဘဝတွေကို ကူညီနေပါတယ်။ စစ်ရေးအရလည်း ပြည်သူလူထုအတွက် အသက်ပေး တိုက်ပွဲဝင်နေကြပါတယ်။ ကျနော်တို့ရဲ့ အဓိကပေါ်လစီကတော့ စစ်အုပ်စုကို အထီးကျန်ဖြစ်သမျှဖြစ်အောင် အတတ်နိုင်ဆုံး မိတ်ဆွေတွေဖွဲ့ပြီး တိုက်မယ်ဆိုတဲ့ သဘောထား ဖြစ်ပါတယ်။”

မေး - PLA အနေနဲ့ စစ်ရေးအရ ဆောင်ရွက်တဲ့နေရာမှာ ဘယ်ဒေသတွေမှာ ပါဝင်နေပါသလဲ။

ဖြေ - “ကျနော်လည်း အကုန်တော့မသိဘူး အဲဒီအပိုင်းက ကျနော့်အပိုင်း မဟုတ်တော့၊ ကျနော်တို့မှာ တာဝန်ခွဲထားတာရှိတယ်။ ကျနော် သိသလောက်ကတော့ စစ်ကိုင်းတိုင်းဘက်မှာ ပိုများတယ် ထင်ပါတယ်။”

မေး - လက်ရှိ နွေဦးတော်လှန်ရေးမှာ မြို့သိမ်းတိုက်ပွဲတွေ၊ စခန်းသိမ်းတိုက်ပွဲတွေ ဆက်တိုက်ရှိလာတယ်။ တိုက်ပွဲကလည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ ပိုကျယ်ပြန့်လာတာ တွေ့ရပါတယ်။ စစ်ရေးအရ အမြင့်ဆုံးအရှိန်ကို ရောက်နေပြီလို့ ပြောဆိုသုံးသပ်တာတွေလည်း ရှိနေတော့ ဒီတော်လှန်ရေးကို တစိုက်မတ်မတ် လုပ်လာတဲ့ ဆရာ့အနေနဲ့ လက်ရှိတော်လှန်ရေးရဲ့ အရှိန်အဟုန်ကို ဘယ်လိုသုံးသပ် ဆုံးဖြတ်ချင်ပါသလဲ။

ဖြေ - “စစ်ရေးအရှိန်တက်လာတာ၊ ရန်သူက ပိုဒုက္ခပိုရောက်လာတာ၊ သူ့တပ်တွေမှာ မကြုံဖူးသလောက် စိတ်ဓာတ်တွေကျနေတာ ပျက်ပြားနေတာ တွေ့ရတာ အမှန်ပါပဲ။ ပြည်သူလူထုဘက်က အောင်ပွဲတွေ ရသထက် ရလာတာလည်း အမှန်ပါပဲ။ ဒါပေမဲ့ အလှည့်အပြောင်း အကွေ့အကောက် တခုကို ရောက်ပြီလိုတော့ အဲလောက်အထိတော့ အတတ် မပြောချင်သေးဘူး။ နည်းနည်းစောင့်ကြည့်ချင်သေးတယ်။ အလွယ်တကူ မဆုံးဖြတ်ချင်သေးပါဘူး။”

မေး - စစ်ကောင်စီရဲ့ တုံ့ပြန်လာနိုင်မှုတွေကကော ဘယ်လိုရှိလာနိုင်သလဲ။ ဒီဘက်ကကော ဘယ်လို ပြင်ဆင်ထားသင့်သလဲ ပြောပေးပါဦး။

ဖြေ - “စစ်ကောင်စီက အမျိုးမျိုးကို တုံ့ပြန်မှာပါ။ စစ်ရေးတင်မကဘူး၊ သူပိုင်တဲ့ နယ်မြေတွေ၊ မလွတ်မြောက်သေးတဲ့ နယ်မြေတွထဲက ပြည်သူတွေကို လိမ်ညာတာတွေ အမျိုးမျိုး လုပ်မှာ။ မီဒီယာတွေကိုလည်း ချုပ်ကိုင်ထားနိုင်တာကိုး။ တော်လှန်ရေးအင်အားစုတွေနဲ့ ပတ်သက်ပြီး မမှန်သတင်းတွေ လွှင့်မယ်။ သူတို့အချင်းချင်းမှာ ဘယ်လောက်ကောင်းနေပြီဆိုတဲ့ မမှန်သတင်းတွေ၊ ဗိုလ်မင်းအောင်လှိုင်နဲ့ ဒေါ်စုနဲ့ စကားပြောတဲ့ ဆိုတဲ့ဟာမျိုး မမှန်သတင်းမျိုးတွေ လွှင့်တာ၊ အဲဒီလို အမျိုးမျိုး ညာတာတွေဆက်လုပ်လိမ့်ဦးမယ်။ နိုင်ငံတကာမှာလည်း အလိမ်အညာတွေ၊ ဘယ်တိုင်းပြည်နဲ့ ကောင်းတယ်၊ ဘယ်တိုင်းပြည်နဲ့ မကောင်းတော့ဘူး။ အဲဒီလိုမျိုး အမျိုးမျိုးမျက်စိလည်အောင်လျှောက်လုပ်မှာ။ ဇာတ်မျှောမှာပေါ့။ သူတို့ အဲဒီလိုလုပ်လို့ ဒီဘက်က တဖြည်းဖြည်းများ ပြိုပျက်သွားမလား မျှော်လင့်တယ်တူပါတယ်။”

မေး - စစ်ရေးအရကော ဘယ်လို တုံ့ပြန်နိုင်ပါသလဲ။

ဖြေ - “စစ်ရေးအရ သူတို့ ဘယ်က လက်နက်ရနိုင် ဆိုတာအပေါ်  ပိုပြီးမူတည်မယ်။ အခုအတိုင်းက လက်နက်အရေအတွက်အရ၊ အရည်အချင်းအရ သူတို့ဘက်က သာပါတယ်။ ဒါပေမဲ့  စစ်ရေးမှာ စစ်သားတွေ၊ လက်နက်တွေတင်မကပါဘူး။ ပြည်သူလူထု ထောက်ခံမှုကတော့ ကျနော်တို့ဘက်က မညံ့ဘူးလို့ထင်ပါတယ်။”

မေး - အရင်တုန်းက တောက်လျှောက် ရင်ဆိုင်ခဲ့ရတဲ့ စစ်တပ်နဲ့ အခုလက်ရှိ နွေဦးတော်လှန်ရေးမှာ ရင်ဆိုင်နေရတဲ့ စစ်တပ်ရဲ့ ကွာခြားချက်က ဘာတွေဖြစ်မလဲ။ လက်ရှိ စစ်ခေါင်းဆောင်ရဲ့ ဦးဆောင်နိုင်မှုကို ဘယ်လို အကဲဖြတ်ချင်ပါသလဲ။

ဖြေ - “အရင်ကနဲ့ အခု မတူတာကဆိုတဲ့နေရာမှာ ဘယ်အချိန်ကလဲဆိုတဲ့ သမိုင်းက ရှိသေးတယ်။ တော်လှန်ရေးသမိုင်းက သိပ်ရှည်ကြာနေပြီဆိုတော့။ ကျနော်တို့ အရှေ့မြောက်နယ်စပ်မှာ နေတုန်းကနဲ့ အခု မတူတာက ဗမာပြည်မရဲ့ အချက်အချာဒေသတွေမှာ ဖြစ်နေပြီ။ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မ သုံးလုံးတို့၊ ပဲခူးရိုးမတို့ အစရှိတဲ့နေရာမျိုးတွေကို ဗဟိုချက်မလို့ သဘောထားပါတယ်။ အခုက အဲဒီလိုနေရာတွေမှာ ဖြစ်နေတယ်။ ရန်သူကို ပြည်တွင်းရော၊ ပြည်ပ မျက်နှာစာမှာပါ အရှက်တကွဲ အကျိုးနည်း ဖြစ်ရတယ်။ ပြည်တွင်းမှာဆိုရင်လည်း ပြည်သူလူထုက သူတို့အားကိုးစရာ ပေါ်လာပြီဆိုပြီး အားထည့်ရတာတွေ ရှိတယ်။ အရင်ကနဲ့မတူတာ တခုက လက်နက်ရရှိမှု ရေသောက်မြစ်က အခုက အာမခံချက်အပြည့်ရှိတယ်လို့ ပြောလို့မရသေးဘူး။ အဲဒါကြောင့် ကျနော်တို့မှာ နှိုင်းဆနေရတာတွေ၊ တိုက်ပွဲ တိုက်သင့် မတိုက်သင့်တွေ၊ ကိုယ့်ရှိတဲ့လက်နက်နဲ့တွက်ပြီး  တွေဝေနေရတာမျိုး ရှိပါတယ်။”

မေး - ဒါက နွေဦးတော်လှန်ရေးအတွက် အဓိကစိန်ခေါ်ချက် ဖြစ်နေသလား။

ဖြေ - “အဲဒီလိုတော့ ပြောလို့မရသေးပါဘူး။ ရန်သူ့အားသာချက်ဟာ ယာယီအားသာချက်ပါ။ ပြည်သူလူထု ထောက်ခံမှု ရထားတဲ့ဘက်က  ထာဝရအားသာချက်လို့ ပြောလို့ရပါတယ်။”

မေး - အခု နှစ်နှစ်ခွဲ သုံးနှစ်ကျော်ကာလမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ စုဖွဲ့မှုနဲ့ပတ်သက်လို့  ဘယ်လို ရှုမြင်သုံးသပ်ပါသလဲ။

ဖြေ - “ပြည်သူ့ကာကွယ်ရေးတပ်တွေက အစတုန်းကထက်စာရင် စစ်ရေးအရ ပိုပြီးကျွမ်းကျင်လာတယ်။ အတွေ့အကြုံ ရှိလာတဲ့အတွက် ဖြတ်သန်းမှုတွေ ရှိလာတဲ့အတွက် ရဲရင့်မှုလည်း ပိုတက်လာတယ်။ ဒါပေမဲ့ လက်နက်အားဖြင့် ထင်သလောက်တော့ တက်မလာသေးဘူး။ ပိုပြီးရမလာသေးဘူး။ လက်နက်ကို ပိုသုံးတတ်လာတာမျိုးတော့ မရှိသေးဘူး။ ဒရုန်း အသုံးချတာမှာ ပိုပိုင်နိုင်လာတာတော့ ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့မှာ ဒရုန်းတွေ အများကြီးရလာပြီလို့ ပြောလို့မရသေးဘူး။ ဒါနဲ့ပြောင်းပြန် ရန်သူ့ဘက်ကို ကြည့်ရင် သူတို့က ကြာလေ စိတ်ဓာတ်ကျလေ ပျက်ပြားလေ၊ အလွယ်တကူ လက်နက်ချတယ်၊ အလွယ်တကူ သူတို့တပ်ကို စွန့်ခွာလာကြတယ်။” 

“သူတို့ရဲ့ အစိုးရဝန်ထမ်းတွေဆိုရင်လည်း အလွယ်တကူ CDM လုပ်ကြတာ တွေ့ရတာ များလာတယ်။ မြန်လည်းမြန်တယ် များလည်းများတယ်။ ကျနော်တို့ရဲ့ အားနည်းချက်က မြန်မာပြည်ရဲ့ နောက်ခံကားချပ်အတိုင်း လူမျိုးစုံတယ်၊ လူတန်းစား စုံတယ်၊ ဒေသစုံတယ်။ အဲဒါကြောင့် ပြောမယ်ဆိုရင် အက်ကြောင်းလေးတွေ ရှိနိုင်တယ်။ အဲဒါကို ရန်သူက ကောက်ကျစ်ယုတ်မာမှုမှာ အတွေ့အကြုံရင့်ကျက်တဲ့ ရန်သူ မင်းအောင်လှိုင်တို့ စစ်အုပ်စုက သပ်လျှိုတာ လုပ်မှာပဲ။ အဲဒီဒဏ်ကို ခံနိုင်အောင် ကျနော်တို့တတွေ တည်ဆောက်နိုင်ဖို့က သိပ်အရေးကြီးပါတယ်။ ကျနော်တို့အတွက်က ညီညွတ်ရေးကို ပဓာနအဓိက ညီညွတ်ရေးကို ရှေ့ဆုံးကထားဖို့ လိုပါတယ်။ အဲဒါကို ကျနော်တို့ လုပ်နိုင်ရင် တဖြည်းဖြည်းအထက်စီး ပြန်ရနိုင်မယ် ထင်ပါတယ်။”

မေး - စစ်အာဏာရှင်တော်လှန်ရေးက ဒီမျိုးဆက်မှာ အမြစ်ပြတ်မယ်လို့ ယုံကြည်ပါသလား။ ဒီလိုဖြစ်ဖို့ဆိုရင် ဘာတွေ ဆောင်ရွက်ဖို့လို့မလဲ၊ စောစောက ပြောသလို ညီညွတ်ရေးက အဓိကလိုအပ်သလိုမျိုးပေါ့။

ဖြေ - “ကျနော်တို့ အပြတ်နိုင်မယ်ဆိုတာမျိုးတော့ ကျနော် မပြောရဲသေးပါဘူး။ အကောင်းမြင်ရာ ကျလွန်းသွားပြီး ကိုယ့်ဘက်က လုံ့လဝီရိယထားတာတွေ၊ သတိထားရမှာတွေ လစ်ဟင်းသွားမှာစိုးလို့ပါ။ ကျနော်တို့တတွေ ကြိုးစားရဦးမယ်။ ဒါပေမဲ့ အရင်ကထက်စာရင် အများကြီး ကျနော်တို့ အားသာချက်တွေ ရလာပါပြီ။ အဓိကအားထားရတဲ့ ပြည်သူလူထုနဲ့ ဗမာပြည်မနဲ့ ဆက်မိလာပြီ။ ကျနော်တို့ ပါတီဆိုရင်လည်း ပြည်မကို ထိုးဖောက်ဖို့ ကြိုးစားခဲ့တာ အစောကြီးကတည်းက အကြိမ်ကြိမ် လုပ်ခဲ့ပါတယ်။ ကျနော်တို့ ပထမဆုံး စဖွဲ့လိုက်တဲ့ BPA ဆိုတဲ့ တပ်မတော်ကလည်း ပြည်မကို ထိုးဖောက်ဖို့ လုပ်ခဲ့တာပဲ။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။ အခုမှ ထိုးဖောက်နိုင်တယ်။ ဒါကိုက အင်မတန်ကြီးမားတဲ့ တိုးတက်မှုကြီးတခုပါ။ အဲဒါအပေါ်မှာ အခြေခံပြီး ညီညွတ်ရေး အခြေခံတည်ဆောက်ပြီး ဇွဲကောင်းကောင်းနဲ့ ဆက်လက်ချီတက်နိုင်ရင် အောင်မြင်မှုထပ်ဆင့်ရလိမ့်မယ်လို့ ထင်ပါတယ်။”

မေး - မြောက်ပိုင်းမှာဆိုရင် PLA အပါအဝင် မဟာမိတ်တွေနဲ့ ပူးပေါင်းဖော်ဆောင်နေတာတွေ ရှိပါတယ်။ စစ်ကောင်စီကတော့ မြောက်ပိုင်းမဟာမိတ်တွေ ပူးပေါင်းဖော်ဆောင်နေတဲ့ စစ်ဆင်ရေးနဲ့ပတ်သက်လို့ ကျူးကျော်စစ်လို့ သုံးနှုန်းတာ ဒီရက်ပိုင်းမှာ ရှိလာတယ်။ တဆက်တည်းမှာပဲ ပြည်ပထောက်ပံ့မှုတွေ ရှိတယ်လို့ စွပ်စွဲတာတွေ ရှိတယ်။ တရုတ်လို့ တိုက်ရိုက်မပြောပေမဲ့ တရုတ်ကို ရည်ညွှန်းတယ်လို့ ကျနော်တို့ နားလည်ရပါတယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စတဲ့နေရာတွေမှာ စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ မဘသ တို့၊ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြတာတွေ လုပ်လာတာ တွေ့ရပါတယ်။ နွေဦးတော်လှန်ရေးမှာ တရုတ်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်လို့ ဘယ်လိုမြင်ပါသလဲ။ အများပြောသလို တရုတ်နဲ့ စစ်ကောင်စီကြားရော အက်ကြောင်းရှိနေသလား။

ဖြေ - “ကျနော် နေတာက တရုတ်နယ်စပ်မှာပါ။ တရုတ်စစ်တပ်တွေရဲ့ လှုပ်ရှားမှု၊ ပြင်ဆင်မှုတွေ မြင်နေ၊ သိနေရတယ်။ ထူးထူးခြားခြား ပြင်ဆင်တာ မရှိပါဘူး။ မြန်မာပြည် စစ်ပွဲဟာ သူတို့ကို ထိခိုက်တဲ့အထိ ဖြစ်လာလိမ့်မယ်လို့ သူတို့ တွက်ဟန်မတူပါဘူး။ သူတို့ စိုးရိမ်တာက စစ်ပြေးတွေ အများကြီးဝင်လာမှာ၊ အမြောက်ဆန်၊ ဗုံးဆန်တွေ သူတို့ဘက်ကို လွန်ကျလာမှာကိုပဲ စိုးရိမ်ပါတယ်။ အဲဒီအတွက် ပြင်ဆင်တာမျိုးပဲ ရှိပါတယ်။ တခြားတော့ ပြင်ဆင်တာ မတွေ့ရပါဘူး။”

“သူတို့ စိုးရိမ်တာက မြန်မာပြည်ထဲမှာ သူတို့ ရင်းနှီးမြှုပ်နှံထားတဲ့ သတ္တုတွင်းတွေ၊ စိုက်ခင်းတို့ အဲဒါမျိုးတွေ သူတို့ လုပ်လို့မရမှာပဲ စိုးရိမ်တာမျိုးပဲ ရှိပါတယ်။ ကျနော်တို့ တွက်နေတာ တခုက မင်းအောင်လှိုင်ကို သူတို့ အရင်တခါလုပ်ခဲ့ဖူးတဲ့ တရုတ်ဆန့်ကျင်ရေး လူမျိုးရေးအဓိကရုဏ်းတွေ ဗမာပြည်မှာ သူတို့ ပြန်ဖန်တီးမလား၊ သူတို့ အခုချိန်မှာ အင်မတန် အခက်အခဲတွေ့ ချောက်ထဲကျနေတဲ့အခါမှာ ဒါမျိုး မလုပ်ဘူး မပြောနိုင်ဘူး။ သူတို့က အင်မတန်ဉာဏ်များတယ်၊ ကောက်ကျစ်တယ်။ လူမျိုးရေးတွေ ဖန်တီးပြီး မြန်မာပြည်သူတွေကို တခြားဘက် အာရုံလှည့်သွားအောင် လုပ်တာမျိုး ဖြစ်လာနိုင်တယ်။ ကျနော်တို့တွေ အဲဒီအတွက်လည်း သတိထားဖို့လိုပါတယ်။ အရင်လည်း မိတ္ထီလာမှာ သူတို့ လုပ်ခဲ့တာ ရှိပါတယ်။ အမျိုးမျိုး လုပ်နိုင်ပါတယ်။ သူတို့အနေနဲ့ အမျိုးမျိုး လုပ်နိုင်ပါတယ်။”

မေး - တော်လှန်ရေးနဲ့ပတ်သက်ပြီး သီးခြားဖြည့်စွက် ပြောပေးချင်တာရှိရင်လည်း ပြောပေးပါဦး။

ဖြေ - “ကျနော်တို့ကိုယ်တိုင်က တော်လှန်ရေးနဲ့အတူ ဆက်ပြီး သက်ဆုံးတိုင်ချီတက်သွားမယ်လို့ပဲ ပြောချင်ပါတယ်။ ကျနော်တို့ တော်လှန်ရေးထက် ပိုမြင့်မြတ်တာ မရှိဘူးလို့ ယုံကြည်ပါတယ်။ အဲဒီအတွက် ကျနော်တို့ တော်လှန်ရေးထဲ ဝင်လာကြတယ်။ တော်လှန်ရေးအတွက်ပဲ အသက်ပေးချင်ပါတယ်။”

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024