စစ်ကိုင်းတိုင်း ရေဦးမြိုနယ်ရှိ စစ်ကောင်စီ အထိုင်ချနေတဲ့ အောင်သာယာပျူကျေးရွာကို ပြည်သူ့ကာကွယ်ရေးအဖွဲက နိုဝင်ဘာ ၂၄ ရက် မနက် ၄ နာရီက ဝင်ရောက်တိုက်ခိုက် စခန်းသိမ်းခဲ့တယ်လို့ ရေဦးမြို့နယ်ဒေသခံတွေက ပြောပါတယ်။
အဆိုပါပျူကျေးရွာဟာ အိမ်ခြေ ၈၀ ခန့်ရှိတဲ့ ကျေးရွာ တရွာလည်းဖြစ်သလို ကန့်ဘလူမြို့နယ်နဲ့ ရေဦမြို့နယ် နှစ်ခုကြားမှာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေဦးကာကွယ်ရေးအဖွဲ့ဝင်တဦးက “တိုက်ပွဲက ကြာချိန် ၁ နာရီခွဲလောက်ပဲ ကြာလိုက်တယ်။ စခန်းကို အပြည့်ဝသိမ်းနိုင်ခဲ့တယ်။ ကိုယ်ဘက်က ဒဏ်ရာ သုံးယောက် ရတယ်။ စစ်ကောင်စီ ဘက်က အကျအဆုံးများတယ်လို့ပဲ ပြောလိုရမယ်။ ရရှိတဲ့လက်နက်အရေအတွက်လည်း စာရင်းပြုစု နေဆဲမို့ မကြာမီထုတ်ပြန်ပေးပါမယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်စခန်းများကို ပြည်သူကာကွယ်ရေးအဖွဲ့က စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနေပြီး စစ်သားနဲ့ရဲတွေကိုလည်း ပြည်သူနဲ့အမြန်ပူးပေါင်းအလင်းဝင်ဖို့ကိုလည်း အမျိုးသားညီညွတ်ရေး အစိုးရက ဖိတ်ခေါ်ထားပါတယ်။
နိုဝင်ဘာလအတွင်း စစ်ကိုင်းတိုင်အတွင်းက ကောလင်း၊ တမူး၊ ပင်လယ်ဘူး၊ ကလေး၊ ကနီ စတဲ့ စစ်ကောင်စီအထိုင်စခန်းအများအပြားကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က စခန်းအပြည့်ဝသိမ်းနိုင် ခဲ့တာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်၊ နဘားကျေရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီး ကြောင့် အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
စစ်ကောင်စီတပ်ဗျူဟာကုန်းက နိုဝင်ဘာ ၂၂ ရက် မနက် ၁၁ နာရီလောက် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကချင်စုရပ်ကွက်မှာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူ သားအမိ ၂ ဦး လက်နက်ကြီးကျည် ထိမှန်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသမီးတဦးက "စစ်တပ်ဗျူဟာကုန်းကနေ ပစ်နေတာ။ အဲ့ဒါ လူနေရပ်ကွက်ထဲ လက်နက်ကြီးကျတယ်။ သူတို့ အိမ် အနောက်ဘက် စိုက်ခင်းမှာ အပင်စိုက်နေတဲ့ သားအမိ ၂ ယောက် လက်နက်ကြီးကျည်ထိမှန်ပြီး ဒဏ်ရာရတယ်" လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် နဘားကျေးရွာ၊ ကချင်စုရပ်ကွက်မှာ နေထိုင်တဲ့ ဒေါ်ဗောက်ဆန်ဟာ လက်နဲ့ ရင်ဘတ်မှာ ထိခိုက်ဒဏ်ရာရခဲ့ပြီး သမီးဖြစ်သူ မလုလုမိုင် ကတော့ ခြေထောက်မှာ လက်နှက်ကြီးကျည်ထိမှန် ဒဏ်ရာရခဲ့ပါတယ်။
နိုဝင်ဘာ ၁၉ ရက်ကလည်း အင်းတော်မြို့နယ် စော်မှော်ချောင်းကျေးရွာ ဈေးဆိုင်တန်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသမီး ၁ ဦးသေဆုံးကာ ပြည်သူ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့ပြီး ဈေးဆိုင်တန်းတွေလည်း မီးလောင် ပျက်စီးခဲ့ပါသေးတယ်။
ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်းကျေးရွာက နေအိမ်တွေကို နိုဝင်ဘာ ၂၃ ရက် မနေ့ မွန်းလွဲ ၂ နာရီကနေ ည ၆ နာရီ ၄၅ မိနစ်အထိ မီးရှို့နေပြီး နေအိမ်တွေ ဘယ်လောက်ကျန်သေးလဲဆိုတာ မသိရသေးဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတာကြောင့် စက်တင်ဘာ ၂၉ ရက်တည်းက ပုဇွန်မြောင်းရွာ လူမနေတာဖြစ်ပြီး စစ်တပ်က အင်အား ၁၀၀ လောက်တပ်စွဲ နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာအတွင်းဝင်သူ မှန်သမျှလူကို ဖမ်းဆီးသတ်ဖြတ်၊ ပစ္စည်းယူပြီး နေအိမ်တွေကို မီးရှို့နေတာကြောင့် ကျေးရွာသားတွေ နီးစပ်ရာ တောထဲတောင်ထဲနေကြရပြီး ဆွေမျိုးရှိတဲ့သူက မြို့ပေါ်မှာ ပြောင်းရွှေ့နေကြပြီး စားသောက်ရေး အခက်အခဲကြုံနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့လည်း မကြာခဏ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။