Home
မြန်မာသတင်း
တိုက်ပွဲများကြောင့် ပို့ကုန်လမ်းကြောင်းပိတ်ပြီး မြန်မာ့ရေထွက်ကုန်တင်ပို့မှု ထိခိုက်ကျဆင်း
DVB
·
November 23, 2023

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ပို့ကုန်လမ်းကြောင်းတွေ ပိတ်ထားရလို့ မြန်မာ့ရေထွက်ကုန် တင်ပို့မှု ထိခိုက်နေတယ်လို့ ပြည်တွင်းရေထွက်ပို့ကုန် လုပ်ငန်းရှင်တွေထံက သိရပါတယ်။

လက်ရှိမှာ မြန်မာ့ရေထွက်ကုန်တွေရဲ့ အဓိက ထွက်ပေါက်ဖြစ်တဲ့ တရုတ်-မြန်မာ နယ်စပ် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အပြင် ချင်းရွှေဟော် နယ်စပ်ဂိတ်တို့ကို ရှမ်းမြောက်တိုက်ပွဲတွေ စတင်ခဲ့တဲ့  အောက်တိုဘာ ၂၇ ရက်နေ့ကစလို့ ပိတ်ထားခဲ့ရပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း တစ်ကျော့ပြန်ဖြစ်ပွားနေတဲ့  တိုက်ပွဲတွေကြောင့်လည်း မြန်မာ-ဘင်္ဂလားဒေ့်ရှ် နယ်စပ်ဂိတ်တွေဖြစ်တဲ့ စစ်တွေနဲ့ မောင်တောနယ်စပ်ဂိတ်တို့ကနေ ကဏန်း၊ ငါး၊ ပုစွန်အပါအဝင် ရေထွက်ကုန်ပစ္စည်း တင်ပို့မှုတွေက ရပ်တန့်နေတာ ဖြစ်ပါတယ်။

အဲဒီ အခြေအနေတွေကြောင့် တစ်ဘက်နိုင်ငံတွေကို တင်ပို့မယ့် ကြာရှည်အထားမခံနိုင်တဲ့ ဟင်းသီးဟင်းရွက်နဲ့ ရေထွက်ပစ္စည်းတွေလို ပုပ်သိုးပစ္စည်းတွေဟာ  လမ်းခရီးမှာ ပိတ်မိပြီး ထိခိုက်ဆုံးရှုံးမှုတွေ ရှိခဲ့ရတယ်လို့ ပို့ကုန် လုပ်ငန်းရှင်တွေ ထံက သိရပါတယ်။

စစ်တွေမြို့ခံ ရေထွက်ပစ္စည်း ပို့ကုန်လုပ်ငန်းရှင်တစ်ဉီးက“ထိခိုက်မှုရှိတာပေါ့။ ဝယ်ထားတဲ့ကုန်တွေက ကားလမ်းမပွင့်လို့ ကြားထဲမှာ ပိတ်မိခဲ့တာတွေ ရှိတယ်။ သား၊ငါး၊ပုစွန်တွေက ပုပ်သိုး ပစ္စည်းတွေဆိုတော့ တာရှည်အထားမခံဘူးလေ” လို့ ပြောပါတယ်။

လက်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ တဆင့် တရုတ်နိုင်ငံကို မြန်မာ့ပို့ကုန်တင်ပို့မှုဟာ ၁၀ဝ ရာခိုင်နှုန်းနီးပါး ရပ်ဆိုင်းသွားပြီး စစ်ကောင်စီရဲ့ ကုန်သွယ်ရေး ဦးစီးဌာနကတော့ တရုတ်ကိုပို့မယ့် ကုန်စည်တွေကို တခြားနယ်စပ်ဂိတ်တွေ ဒါမှမဟုတ် ပင်လယ်ရေကြောင်းကနေ ပြောင်းလဲ တင်ပို့ခွင့်ပေးမယ်လို့ နိုဝင်ဘာ ၈ ရက်က ထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် လက်ရှိမှာကုန်သည်တချို့က ကချင်ပြည်နယ် လွယ်ဂျယ်ဂိတ်နဲ့ ရှမ်းပြည်နယ်ကျိုင်းတုံ(မိုင်းလား) ဂိတ်တို့ကနေ ပြောင်းလဲ တင်ပို့နေကြရပါတယ်။

မြန်မာ့ ရေထွက်ကုန်တွေကို တရုတ်နိုင်ငံကို မူဆယ်နယ်စပ်ကနေ အဓိက အများဆုံး တင်ပို့နေတာ ဖြစ်ပြီး မြ၀တီ၊ ကော့သောင်း၊ စစ်တွေ၊ မောင်တော၊ မြိတ်၊ မောတောင် ကုန်သွယ်ရေး စခန်းတွေကနေလည်း ပုံမှန် တင်ပို့နေတာ ဖြစ်ပါတယ်။

ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းကနေ ဂျပန်နဲ့ ဥရောပနိုင်ငံတွေအပြင် နိုင်ငံပေါင်း  ၄၀ ကျော်ကို တင်ပို့ရောင်းချနေတာဖြစ်ပြီး အခုဘဏ္ဏာနှစ်အတွင်း ပြည်ပရေထွက်ကုန်တင်ပို့မှုကတော့ ပြီးခဲ့တဲ့နှစ် အောက် အမေရိကန်ဒေါ်လာ ၄၂ သန်းကျော် လျော့ကျနေပါတယ်။

စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကုန်သွယ်ရေး စာရင်းအရ အခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၇ လကျော်မှာ အမေရိကန်ဒေါ်လာ ၃၉၅ ဒသမ ၄၉၂ သန်းရှိပြီး ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကာလတူမှာ အမေရိကန်ဒေါ်လာ ၄၃၈ ဒသမ ၁၈၄ သန်းထိရှိခဲ့ပါတယ်။ ကိုဗစ်မတိုင်ခင် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာတော့ အမေရိကန်ဒေါ်လာ သန်း ၈၅၉ သန်း ဝန်းကျင်ထိ  စံချိန်တင် တင်ပို့မှု ရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024