Home
မြန်မာသတင်း
စစ်တပ် သတ်ဖြတ်မှုကြောင့် ၁ နှစ်အတွင်း နိုင်ငံတဝန်း ကလေး ၂၀၀ သေဆုံး
DVB
·
November 23, 2023

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ နိုဝင်ဘာ ၂၂ ရက်အထိ နိုင်ငံတဝန်း စစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် အသက်  ၁၈ နှစ်နဲ့ ၁၈ နှစ်အောက် ကလေးအယောက် ၂၀၀ သေဆုံးခဲ့တယ်လို့ အေအေပီပီ မှတ်တမ်းနှင့် သုတေသနဌာနက စောင့်ကြည့်လေ့လာမှုအရ  သိရပါတယ်။

အဲဒီထဲက အယောက် ၇၀ ကတော့ စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ပြီး ၅၉ ယောက်ကတော့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒုတိယ အများဆုံး သေဆုံးခဲ့ရတာပါ။

အဆိုပါအရေအတွက်ဟာ အေအေပီပီကနေ အမည်နဲ့တကွ အတည်ပြုထားနိုင်တဲ့ အရေ အတွက်ဖြစ်ပြီး မြေပြင်မှာ ကလေးငယ်တွေရဲ့ သေဆုံးနှုန်းမှာ အခုအ‌ရေအတွက်ထက် ပိုမိုများပြားနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်ည ၁၁ နာရီခွဲလောက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်နဲ့ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့က စစ်တပ်စခန်းတွေဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ နမ့်ဆန်မြို့နယ်၊ အုမ်းစွမ်ကျေးရွာထဲက နေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၁၄ နှစ် အရွယ် မလွေးမြသန္တာလင်းမှာ ကျည်စထိမှန် သေဆုံးခဲ့ရတယ်လို့ အေအေပီပီက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၄,၁၉၇ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၅,၄၃၇ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၇၀၈ ယောက် လက်ရှိ ချုပ်နှောင်ခံ ထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၈,၁၃၉ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါ တယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်း သိမ်းခံနေရသူ အရေအတွက်ကတော့ ၁၂၀ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချ မှတ်ခံထားရသူ ၄၃ ယောက်အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၃ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၅,၇၂၉ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024