Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် ထန်းတော ထန်းပင် ဆေးဖက်ဝင်
DVB
·
November 22, 2023

တော်လှန်ရေးခရီးတလျှောက် အားသွန်ခွန်စိုက် ချီတက်ကြရင်း သစ္စာရှိရှိ ရဲရဲရင့်ရင့် အာဏာရှင်ကို တွန်းလှန်ပါဝင်နေသူ နွေဦးပြည်သူအားလုံးကို ဦးညွတ်အလေးပြု အပ်ပါတယ်။

ဒီတပတ် နွေဦးပြည်သူတို့အတွက် ကျန်းမာရေးဆိုင်ရာ တဖက်တလမ်းက အထောက်အကူပြုစေဖို့ ထန်းတော ထန်းပင် ဆေးဖက်ဝင် အကြောင်းကို မျှဝေသွားမှာဖြစ်ပါတယ်။

ထန်းပင်ကို  သိပ္ပံအမည်အားဖြင့် Borassus flabellifer လို့ခေါ်ပြီး အင်္ဂလိပ်လို  Toddy palm လို့ ခေါ်ပါတယ်။

ထန်းပင်က ထွက်တဲ့ ထန်းရည်မှာ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ သကြား၊ အမိုင်နိုအက်ဆစ်၊ တဆေး၊ ဗီတာမင် C၊ ဇင့်၊ မဂ္ဂနီဆီယမ်၊ သံ၊ ပိုတက်စီယမ်နှင့် ဗီတာမင် B1၊ B2၊ B3 နှင့် B6 စသည်တို့ ပါဝင်ပြီး ထန်းရည်၁၀၀ မီလီလီတာမှာ စွမ်းအင် ၇၅ ကယ်လိုရီနှင့် ပရိုတင်း ၂၅၀ မီလီဂရမ် ပါဝင်ပါတယ်။

ထန်းရည်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

ထန်းရည်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေမှာ အမြင်အာရုံကို ကောင်းမွန်စေခြင်း၊ နှလုံးသွေးကြော ကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ ကင်ဆာကို တိုက်ဖျက်ရန် ကူညီပေးခြင်း၊ လက်သည်း၊ ဆံပင်နှင့် အသားအရေကို ကျန်းမာစေခြင်း၊ နို့တိုက်မိခင်များ နို့ထွက် ကောင်းမွန်ခြင်း၊ ရာသီဖျားကို သက်သာစေခြင်း၊ အသည်းရောဂါများကို ကောင်းမွန်စေခြင်း၊ ဆီးချိုရောဂါအတွက် ကူညီပေးခြင်းနှင့် ဆီးသွားကောင်းခြင်း စတဲ့ အကျိုးကျေးဇူး အာနိသင်များ များစွာပါဝင်ပါတယ်။

ထန်းရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ဗီတာမင် C ၊ Ascorbic Acid ပါတယ်။ ထန်းရည်မှာ Thiamine လို့ခေါ်တဲ့ ဗီတာမင် B1 ပါ၀င်ခြင်းကြောင့် ထန်းရည် လတ်လတ်ဆတ်ဆတ် သောက်သုံးခြင်းက အမြင်အာရုံကို မြှင့်တင်ပေးပါတယ်။  

ထန်းရည်မှာ ပိုတက်စီယမ် ပါဝင်ပြီး နှလုံး၏လုပ်ဆောင်မှုကို ကောင်းမွန်စေကာ သွေးတိုးရောဂါကို လျှော့ချပေးနိုင်တဲ့အတွက် အသင့်အတင့် သောက်သုံးပေးမယ်ဆိုရင် နှလုံးရောဂါအန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။

ထန်းရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တမျိုးဖြစ်တဲ့  ဗီတာမင် B2 ခေါ် riboflavin ဟာ ဓာတ်ကြွင်းတွေကို တိုက်ဖျက်ဖို့ ခန္ဓာကိုယ်ကို ကူညီပေးတဲ့အတွက် ကင်ဆာရောဂါ တိုက်ဖျက်တဲ့ အချိုရည်အဖြစ် စားသုံးနိုင်ပါတယ်။

ထန်းရည်မှာ ကြီးထွားဖွံ့ဖြိုးမှုနှင့် ဆံပင်၊ အသားအရေနှင့် လက်သည်းများ ကျန်းမာရေးအတွက် အလွန်အရေးကြီးတဲ့ ဗီတာမင် B complex နှင့် သံဓာတ် ပါဝင်ပြီး ခန္ဓာကိုယ်အတွင်းရှိ (cell) ကလာပ်စည်းများကို ပြုပြင်ပေးခြင်းဖြင့် ဒဏ်ရာများကို ကျက်စေခြင်းနှင့် အသားအ‌ရေကို ကောင်းမွန်စေပါတယ်။

ထန်းရည်ဟာ နို့တိုက်မိခင်တွေအတွက် မိခင်နို့ထွက်ရှိမှုကို မြှင့်တင်ပေးတဲ့ သဘာဝဆေး ဖြစ်ပါတယ်။ ထန်းရည်ထဲမှာ မိခင်နို့မှာ ပါဝင်တဲ့ လော်ရစ်အက်ဆစ်လည်း ပါဝင်ပါတယ်။

ထန်းရည်ဟာ ယေဘုယျ ကျန်းမာရေး အခြေအနေများကို မြှင့်တင်ပေးနိုင်တဲ့အတွက် တုပ်ကွေးနှင့် အအေးမိခြင်းမှ ခုခံနိုင်ပြီး နှာချေခြင်းနှင့် ချောင်းဆိုးခြင်းကိုလည်း ရပ်တန့်စေပါတယ်။

အသည်းရောဂါများကို ကုသရာတွင် အထောက်အကူပြုပြီး အရက်ကြောင့်ဖြစ်တဲ့ အသည်းဝေဒနာများကို ကုသရာမှာ အကျိုးရှိပါတယ်။ အသည်းလုပ်ငန်းများကို မြှင့်တင်ပေးတဲ့ သဘာဝ အသည်းအားဆေးတမျိုး ဖြစ်ပါတယ်။

ထန်းရည်သည် glycemic အညွှန်းကိန်း (GI) နိမ့်တဲ့အတွက် ဆီးချိုဝေဒနာရှင်များအတွက် အန္တရာယ်ကင်းပြီး အကောင်းဆုံးကျန်းမာရေးအချိုရည် ဖြစ်ပါတယ်။

သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါနှင့် ဇင့်ချို့တဲ့မှုများအတွက် ထန်းရည်ကို ဖြည့်စွက်စာအဖြစ် ပုံမှန် သုံးစွဲနိုင်ပါတယ်။

ထန်းရည်ချို သောက်သုံးနိုင်တဲ့ ပမာဏမှာ တခါသောက် အများဆုံး ဖန်ခွက် ၁ ခွက်စာ တနေ့ ၂ ကြိမ်ခန့်မျှသာ ဖြစ်ပါတယ်။

ဝမ်းကိုက်ခြင်းအတွက် ထန်းမြစ်နု သွေးရည် ကော်ဖီ ၂ ဇွန်းကို ဆားမီးဖုတ် အနည်းငယ်ထည့်ပြီး တနေ့ ၂ ကြိမ်ခန့် သောက်ပေးနိုင်ပါတယ်။ ရိဖြူညောင်းကျရောဂါအတွက် ထန်းမြစ်ပြုတ်ရည် ရေနွေးကြမ်း ၁ ခွက်စာကို ပျားရည် ကော်ဖီ ၁ ဇွန်းဖြင့် တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

ထန်းမြစ်ဟာ သွေးဖိအားကို လျှော့ချပေးနိုင်တဲ့ သဘာဝဆေးဘက်ဝင်ပစ္စည်း ဖြစ်ပါတယ်။ သွေးတိုးရောဂါရှင်များ ထန်းမြစ်သွေးရည် ကော်ဖီ ၂ ဇွန်း ကို သံပရာဖျော်ရည်ဖြင့် သောက်ပေးနိုင်ပါတယ်။  

သွားနှင့်ခံတွင်းရောဂါများ၊ သွားဖုံးသွေးယိုခြင်းနှင့် ရေစီးကမ်းပြိုရေားဂါများမှာ ထန်းမြစ်ကို ကျကျပြုတ်ပြီး ငုံပေးနိုင်ပါတယ်။

ထန်းသီးမှာ သတ္တုဓာတ်နဲ့ ဗီတာမင်ဓာတ်တွေဖြစ်တဲ့ ဗီတာမင် B နှင့် C၊ သံ၊ ဇင့်၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ သိုင်ယာမင်း၊ ဖော့စဖရပ် နှင့် riboflavin အများအပြား ပါဝင်ပါတယ်။ ထန်းသီးနုကို စားပေးခြင်းဖြင့် ဝမ်းပျော့စေပါတယ်။ အစာလမ်းကြောင်းကို သန့်စင်စေပါတယ်။ ထန်သီးကို အလွန်အကျွံစားပါက ဗိုက်နာခြင်း၊ အော့အန်ခြင်းတို့ ဖြစ်တတ်ပါတယ်။

ထန်းလျက်ကို တိုင်းရင်းဆေးဝါးအမျိုးမျိုး ဖော်စပ်ရာမှာ လိုအပ်သလို ထည့်သွင်း အသုံးပြုကြပါတယ်။ ဝမ်းကိုက်ရောဂါမှာ ထန်းလျက်ကို နှမ်းဆီ၊ ကြက်သွန်ဖြူတို့ဖြင့် ကြော်ပြီး စားပေးနိုင်ပါတယ်။

အစာစားပြီးနောက် ထန်းလျက် အနည်းငယ်စားပေးခြင်းက အစာခြေအင်ဇိုင်းတွေကို လှုံ့ဆော်ပေးတဲ့အတွက် အစာကြေစေပြီး အူလမ်းကြောင်းတွေကို သန့်စင်စေပါတဲ့အပြင် ဝမ်းကိုလည်း မှန်စေပါတယ်။

ထန်းလျက်ကို ရေနွေးပူပူ သို့မဟုတ် လက်ဖက်ရည် တစ်ခွက်ထဲကို ထည့်ပြီး သောက်ပေးခြင်းဖြင့် အသက်ရှူလမ်းကြောင်းကို ရှင်းလင်းစေပြီး အအေးမိခြင်းနှင့် ချောင်းဆိုးခြင်းလက္ခဏာများကို သက်သာစေပါတယ်။

ထန်းလျက် ပါဝင်တဲ့ ပိုတက်စီယမ်ဟာ ကိုယ်အလေးချိန် လျော့ကျစေသည့် ဂုဏ်သတ္တိရှိတဲ့အတွက် ဖောရောင်ခြင်းနှင့် ရေဓာတ်ထိန်းထားမှုကို လျော့ပါးစေပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးတယ်။

ထန်းလျက်မှာ ပိုတက်စီယမ်နှင့် ဆိုဒီယမ် နှစ်မျိုးလုံး ပါဝင်ပြီး ခန္ဓာကိုယ်အတွင်းရှိ အက်ဆစ်ပမာဏကို ထိန်းသိမ်းပေးတဲ့အတွက်  ထန်းလျက်အသင့်အတင့် စားပေးခြင်းက သွေးဖိအားကို ထိန်းသိမ်းပေးပါတယ်။

ထန်းလျက်မှာ ကယ်လ်စီယမ် ကြွယ်ဝတာကြောင့် ထန်းလျက်ကို ဂျင်းအနည်းငယ်ထည့်ပြီး နို့တစ်ခွက်ဖြင့် သောက်ပေးခြင်းက အရိုးတွေကို ကျန်းမာသန်စွမ်းစေပြီး အဆစ်အမြစ် ရောင်ရမ်းခြင်းနဲ့ တခြားဆက်စပ်ပြဿနာတွေကို လျှော့ချပေးပါတယ်။

ထန်းလျက်မှာ အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး အမျိုးသမီးများ ထန်းလျက် စားသုံးခြင်းဖြင့် ခန္ဓာကိုယ်ကို ပြေလျော့စေတဲ့ Endorphinsဓာတ်ကို ထုတ်ပေးတဲ့အတွက် ရာသီလာစဥ် ကိုက်ခဲနာကျင်ခြင်းကို သက်သာစေပါတယ်။

ထန်းလျက်မှာ သံဓာတ်နဲ့ ဖောလိတ်ဓာတ်တွေ ကြွယ်ဝတာကြောင့် သွေးအားနည်းခြင်းကို  ကာကွယ်ပေးနိုင်တဲ့အတွက် ဆယ်ကျော်သက်များနှင့် ကိုယ်ဝန်ဆောင်များ စားသောက်သင့်ပါတယ်။

ထန်းလျက်စားခြင်းဟာ သွေးနီဥကို တိုးပွားစေတဲ့အပြင် သွေးသန့်စင်စေပြီး အသားအရေ ကျန်းမာ၍ ဝက်ခြံများကို သက်သာစေပါတယ်။

အဆစ်ရောင်‌ရောဂါအတွက် ဆီးဖြူသီး ၁ ဆ၊ ထန်းလျက် ၂ ဆ ရောစပ်ပြီး ယိုပြုလုပ်၍ တခါသောက် ကော်ဖီ ၂ ဇွန်း ကို တနေ့ ၂-၃ ကြိမ် သောက်သုံးနိုင်ပါတယ်။

နှလုံးရောဂါအတွက် စောင်းလျားသီးပင် အခေါက်နှင့် ထန်းပင်ခေါက် အမှုန့်တို့ကို ဆတူ စပ်ပြီး တခါသောက် ကော်ဖီ ၁ ဇွန်း နွားနို့ဖြင့် တနေ့ ၁ ကြိမ် သောက်ပေးနိုင်ပါတယ်။

ကိုယ်ပူ/ဖျားနာခြင်းများအတွက် ကြက်မောက်ဆူးပြန်မှုန့် ကော်ဖီ ၁ ဇွန်းကို ထန်းလျက် မှုန့် ကော်ဖီ ၂ ဇွန်းဖြင့် တနေ့ ၂-၃ ကြိမ် သောက်သုံးနိုင်ပါတယ်။

ထန်းရည်ကို အလွန်အကျွံသောက်သုံးခြင်းဖြင့် ဖြစ်ပေါ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးများ

ထန်းရည်မှာ အီသနော ပါဝင်တာကြောင့် အလွန်အကျွံသောက်သုံးခြင်းဟာ အသည်းကို ပျက်စီးစေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ သွေးတွင်းအဆီချေဖျက်ခြင်းကို ထိခိုက်စေနိုင်တဲ့အတွက် အသည်းထဲမှာ အဆီများစုပုံလာပြီး ကိုယ်တွင်းအင်္ဂါများ ပုံမှန်လုပ်ဆောင်မှုကို ထိခိုက်စေနိုင်ပါတယ်။

ထန်းရည်၏ အလွန်အကျွံသောက်ခြင်းဟာ သွေးပေါင်ချိန်ကို မြင့်တက်စေပြီး သွေးတိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။ အရက်ကဲ့သို့ပင် ခန္ဓာကိုယ်၏လုပ်ဆောင်မှုကို ထိခိုက်စေနိုင်ပါတယ်။

ခန္ဓာကိုယ် တောင့်တင်းမှုနှင့် ကြွက်သားများ ကျုံ့သွားခြင်းကဲ့သို့ အာရုံကြောဆိုင်ရာ လက္ခဏာများကို ဖြစ်ပေါ်စေနိုင်ပြီး အာရုံကြောစနစ်ကို အားနည်းစေနိုင်ပါတယ်။

ထန်းရည်ကို အလွန်အကျွံ သောက်သုံးခြင်းဟာ ခန္ဓာကိုယ်တွင်းရှိ သွေးခဲစေတဲ့ အကြောင်းရင်းများကို လျော့ကျစေတဲ့အတွက် သွေးထွက်လွန်ခြင်းကို ဖြစ်စေနိုင်ပါ တယ်။

ထန်းရည်ကို အလွန်အကျွံသောက်သုံးခြင်းဟာ နှလုံးကြွက်သားများကို အားနည်းစေနိုင်ပါတယ်။ သွေးစုပ်ယူနိုင်စွမ်းကိုလည်း ကျဆင်းစေနိုင်ပါတယ်။

ထန်းရည် လတ်လတ်ဆတ်ဆတ်ဟာ သဘာဝကျန်းမာရေး အချိုရည်တမျိုး ဖြစ်ပါတယ်။ လတ်ဆတ်တဲ့ ထန်းရည်ကို သောက်သုံးခြင်းဟာ  ကျန်းမာရေးအကျိုးကျေးဇူးတွေ များစွာ ရှိနိုင်ပါတယ်။

အချဉ်ဖောက်ပြီး ထန်းရည်ဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အချဉ်ဖောက်ပြီး ထန်းရည်ကို မသောက်သုံးသင့်ပါ။

နွေဦးပြည်သူများ ထန်းပင်ရဲ့ အကျိုးကျးဇူးများနှင့် ဘေးဘွက်ဆိုးကျိုးများကို သိရှိပြီး စနစ်တကျ ရယူသုံးစွဲနိုင်စေဖို့ ရေးသားဖော်ပြအပ်ပါတယ်။

တော်လှန်ရေးခရီးဆုံးမှာ ကျန်းကျန်းမာမာ ပြန်လည်ဆုံတွေ့ကြပါစို့ လို့ ဆန္ဒပြုရင်း ။

သာဇဏ် ( CDM တိုင်းရင်းဆေးပညာရှင်၊ ကျန်းမာရေးဝန်ထမ်း)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024