Home
မြန်မာသတင်း
လောက်ကိုင်မြို့ကို ခေတ္တဖွင့်ပေးရန် ဒေသခံနှင့် ရွှေ့ပြောင်းလုပ်သားများ တောင်းဆို
DVB
·
November 21, 2023

၁ လနီးပါး ပိတ်ဆို့ခံထားရတဲ့ ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့်ဒေသရှိ၊ လောက်ကိုင်မြို့ကို ခေတ္တ ဖွင့်ပေးဖို့‌ ဒေသခံတွေနဲ့ မြန်မာပြည်အောက်ပိုင်းက ရွှေ့ပြောင်းလုပ်သားတွေက တောင်းဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်က ရှမ်းမြောက်ဒေသမှာ စတင်ခဲ့တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ “၁၀၂၇ စစ်ဆင်ရေး” က စလို့ ရှမ်းပြည်မြောက်ပိုင်းမှာ သွားလာရေး လမ်းကြောင်းတွေ ပိတ်ခဲ့ပြီး ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့မှာ ဒေသခံတွေနဲ့ အလုပ်လုပ်ကိုင်ကြသူတွေ ပိတ်ဆို့ခံထားရပါတယ်။

လောက်ကိုင်မြို့ထဲ နေရာအနှံ့ လက်နက်ကိုင်တပ်တွေ လုံခြုံရေးယူထားပြီး စစ်အုပ်ချုပ်ရေး ကြေညာထားတာကြောင့် ည ၆ နာရီကျော် အပြင်မထွက်ရသလို စစ်ကောင်စီတပ်ရော၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေပါ မြို့ကိုပိတ်ထားတဲ့အတွက် ဒေသခံတွေနဲ့ လောက်ကိုင်မြို့မှာ သွားရောက်အလုပ်လုပ်ကြသူ သောင်းချီ ပိတ်မိနေတာဖြစ်ပါတယ်။

ဒီလိုလမ်းကြောင်းတွေ ပိတ်ထားတဲ့အတွက် လောက်ကိုင်မြို့မှာ ဆန်အပါအဝင် အခြေခံ စားသောက်ကုန်တွေ စျေးအဆမတန် မြင့်တက်နေပြီး ကြက်ဥတလုံးကို ကျပ် ၆၀၀၀ လောက်ထိ ပေးဝယ်ပေမယ့် ကုန်တွေ ပြတ်လပ်နေတယ်လို့ လောက်ကိုင်မှာ အလုပ်လုပ်လုပ်နေသူ အမျိုးသမီးတဦးက ပြောပါတယ်။

“အခုဆန်တွေ ဘာတွေဝယ်လို့မရတော့ဘူး။ ဟိုဘက် တရုတ်ဘက်က ကူတယ်လို့တော့ ပြောတယ်။ ဒါပေမယ့် ဘာကူလဲတော့မသိဘူး။ ဒီမှာတော့ ဘာမှ ထိထိရောက်ရောက်မရှိဘူး။ အကုန်လုံးက ဒီလိုပဲ မရှိလို့ မစားရဘူး။ လာလှူတဲ့လူတွေလည်း ဘယ်သူမှမရှိဘူး။ ကြက်ဥက မြန်မာငွေနဲ့တွက်ရင် တလုံး ၆၀၀၀ လောက်ရှိတယ်။ နောက်ပြီးဆီ ပုံးအဝါနဲ့ တပုံးကို ၁၁ သိန်း အဲလိုဆိုတော့ ဆီလည်း အဆင်မပြေဘူး။ မီးလည်းမရတဲ့အခါကျတော့ ဆီကလည်း အဆင်မပြေတော့ မီးစက်နှိုးပေးမယ့် အိမ်တွေတောင် နှိုးလို့အဆင်မပြေတော့ဘူး။ အခုဖုန်းလိုင်းဖြတ်တယ်။ တရုတ်ဝိုင်ဖိုင်က မရဘူးမဟုတ်ဘူး။ ရတယ် မီးမလာတော့ ဝိုင်ဖိုင်ချိတ်လို့မရဘူး။ ဖုန်းတွေဘာတွေသွင်းတာကအစ ယွန်ငွေ ၁၀၀၊ ၁၅၀ ပေးရတယ်။”

လက်ရှိ လောက်ကိုင်မှာ ပိတ်မိနေတဲ့ အောက်မြန်မာပြည်က ရွှေ့ပြောင်းလုပ်သားတွေ အများအပြားရှိနေပြီး အစားအသောက်ပြတ်လပ်ပြီး ဒုက္ခအမျိုးမျိုးနဲ့ ကြုံတွေ့နေရပါတယ်။

လောက်ကိုင်မှာ ပိတ်မိနေတဲ့ ရွှေ့ပြောင်းလုပ်သား ကိုသူဇော်ကလည်း “လောက်ကိုင်မှာ ပြည်သူ တွေ ပိတ်မိနေတာ အများအပြားပါ။ မရှိလို့ မိသားစုနဲ့ခွဲပြီး ရေမြေခြားမှာ အလုပ်လုပ်နေကြတာပါ။ ခုသူတို့မှာ အလုပ်အကိုင်ကလည်း မရှိ၊ ကုန်ဈေးနူန်းကလည်းဈေးကြီး အိမ်ကတောင် ပြန်ပေးနေရတဲ့သူတွေရှိပါတယ်။ အိမ်ကလည်း ပေးစရာမရှိတော့ရင် ငတ်ပြီးသေကြရမှာပါ။ အခြေခံလူတန်းစားတွေပါ။ အိမ်ပြန်ခွင့်လေးတောင် မပေးကြတော့ဘူးလား” လို့ ပြောပါတယ်။

စစ်ဆင်ရေး ၁၀၂၇ ကြေညာတဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကတည်းက လောက်ကိုင်မြို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေ အားလုံးကို မြောက်ပိုင်းညီနောင်သုံးဖွဲ့က ဖြတ်တောက်ထားတာပါ။

လက်ရှိ မြို့တွင်းမှာ ဆန်နဲ့ စားသောက်ကုန်တွေ ပြတ်လပ်နေပြီး လျှပ်စစ်မီးပါ ဖြတ်တောက်ခံထားရတာကြောင့် လောက်ကိုင်မြို့မှာ ကျန်နေတဲ့ ဒေသခံ သောင်းနဲ့ချီ အခက်အခဲမျိုးစုံ ကြုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့ကြောင့် ရွှေ့ပြောင်းလုပ်သားတွေ ပြန်နိုင်ဖို့ လမ်းခေတ္တ ဖွင့်စေလိုတယ်လို့ မန္တလေးကနေ လောက်ကိုင်ဘက် အလုပ်သွားလုပ်နေသူက ဒီဗွီဘီကို ပြောပါတယ်။

“မြေပြင်ကနေ တောင်းဆိုချင်တာကတော့ လမ်းလေးကို ပိတ်မိနေတဲ့ ပြည်သူတွေအတွက် သတ်သတ်မှတ်မှတ်လေး နှစ်ရက်သုံးရက်လောက်လေး ဖွင့်ပေးစေချင်တာပါ။ အဲဒီဝပြည်ဘက်ကနေပြီး အကူအညီတောင်းပြီးတော့ နေရပ်တွေကို ပြန်ချင်တာပါ။ ဒီတိုင်းပဲ ဆက်ပြီး ဖြစ်နေမယ်ဆိုလို့ရှိရင် ဝယ်လို့လည်း မရတော့တဲ့အတွက်၊ ကုန်ဈေးနှုန်းတွေလည်း တက်နေတဲ့အတွက်ကြောင့် ပိုက်ဆံတွေလည်း မရှိတော့တဲ့အခါကျတော့ ငတ်ပြီးတော့ သေကြဖို့များတယ်ပေါ့။”

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024