Home
ဆောင်းပါး
စစ်တပ်ဝါဒဖြန့်ချိရေးနှင့်  နေ့စားသမားများ
DVB
·
November 20, 2023

နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက် ပျဥ်းမနား-တောင်ညိုလမ်းမကြီးမှာ လုံခြုံရေးတိုးမြှင့်ထားလို့  လူသူကင်းမဲ့လို့ နေပါတယ်။

ညနေ လေးနာရီလောက်မှာ ဘုန်းကြီးတွေနဲ့ အမျိုးသား၊ အမျိုးသမီး အယောက် ၃၀ လောက်ဟာ စည်ပင် ဧည့်ရိပ်သာအနီးကို စုရုံးပြီး ရောက်ရှိလာကို တွေ့ရပါတယ်။

ရောက်လာသူ အမျိုးသား၊ အမျိုးသမီးတွေဟာ နေပူရှိန်မရှိတော့ပေမဲ့ ဦးထုပ်တွေ  ခမောက်တွေနဲ့ ဆိုင်ကယ်ဦးထုပ်တွေကို ဆောင်းထားပြီး ဘုန်ကြီးရော လူတွေပါ Mask ကိုယ်စီတပ်ကာ ရုပ်ဖျက်ထားကြပါတယ်။

“တခါတည်းက ကားနဲ့သွားလိုက်တာ မဟုတ်ဘူး။ လမ်းလျှောက်ဦးမယ်။ တော်ကြာ ကိုယ့်ရပ်ကွက်ထဲကလူတွေ မြင်သွားရင် ရှက်ဖို့ကောင်းတယ်။ ပိုက်ဆံရလို့ အဆင်မပြေလို့သာ လိုက်လာတာ မလာချင်ဘူး”လို့ ဆန္ဒပြပွဲ အမျိုးသမီးအချင်းချင်း တီးတိုးပြောဆိုသံတွေ ကြားနေရပါတယ်။

ထိုစဥ် သတင်းသမားအမည်ခံမဘသတဦးဖြစ်တဲ့  Myanmar National Post သတင်းဌာနမှ အယ်ဒီတာချုပ် ကိုနောင်တော်လေးဆိုသူ ရောက်လာပြီး အပြာရောင်ဗီနိုင်းပေါ်မှာ အဖြူရောင်စာလုံးနဲ့ ရေးထားတဲ့ ဝါဒဖြန့်ချိရေး စာရွက်တွေကို ရောက်လာသူတွေကို လိုက်လံဝေငှပါတယ်။

ဗီနိုင်းတွေမှာ “မြန်မာပြည်တဝှမ်းမှာ ငြိမ်းချမ်းရေးပန်းများ ပွင့်လန်းပါစေ၊ အကြမ်းဖက်လုပ်ရပ်တွေ - ချက်ချင်းရပ်၊ တိုင်းတပါးအားကိုး ပုဆိန်ရိုးများအား -ဆန့်ကျင်ကြ၊ ပြည်တွင်းရေးကို စွက်ဖက်သူ - ဒို့ရန်သူ၊ အမိမြေကို ကာကွယ်ကြ (let protect our mother land)၊ ဒါ ငါတို့ပြည် ဒါ ငါတို့ပြည်ထောင်စု ဒါ ငါတို့ ပြည်တွင်းရေး၊ This is : Our Country, Our Union, Our Internal affairs၊ အချုပ်အခြာကို ထိပါးလာသူမှန်သမျှ - ဆန့်ကျင်ကြ၊ အပြစ်မဲ့ ပြည်သူများကို အတိဒုက္ခရောက်စေသော အကြမ်းဖက် လုပ်ရပ်များအား - ဆန့်ကျင်ကြ” အစရှိတဲ့ စာသားတွေကို ရေးသားထားပါတယ်။

“This is : Our Country, Our Union, Our Internal affairs “ဗီနိုင်းကိုရလို့ အဓိပ္ပါယ်မသိလို့ ဘုန်းကြီးတပါးက မကိုင်ချင်ကြောင်း ပြောနေလို့ ခမောက်ဆောင်းထားတဲ့ အမျိုးသမီးကြီးတဦးကို ပေးလိုက်ပါတော့တယ်။

“ဟဲ့ အဲဒါ ဘာရေးထားတာလဲ ငါလည်း မသိဘူး။ နင့်ကို ဘယ်သူမှ မမေးဘူး။ ကိုင်သာထားလိုက် လူရှိန်တာပေါ့” လို့ ဆန္ဒပြပွဲလာရောက်သူ တီးတိုးပြောသံတွေကို ကြားနေရပါတယ်။

သူတို့တွေဟာ စည်ပင်ဧည့်ရိပ်သာကနေ လမ်းလျှောက်ဆန္ဒပြကြပြီး နေပြည်တော်ကောင်စီရုံးရှေ့ အရောက်မှာတော့ Myanmar National Post သတင်းဌာန အယ်ဒီတာချုပ်ဆိုသူ မြန်မာ့အမျိုးသားရေးကွန်ရက် (MNN)အထွေထွေအတွင်းရေးမှူး ကိုနောင်တော်လေးက အော်ဟစ်ပြီး  တိုင်းရင်းသားလက်နက်ကိုင်များ မကောင်းကြောင်း ပြောဆိုပါတော့တယ်။

ဒက္ခိဏခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတဦးက “စစ်တပ်ထောက်ခံပွဲကို ဘယ်သူမှ စိတ်မဝင်စားဘူး။ ပြည်သူအများစုက စစ်တပ်ဘက်မှာ ရှိကိုမရှိတာ။ နေပြည်တော်မှာ ၁၁ ရက်ကတည်းက လုပ်တာ။ ဒီနေ့နဲ့ဆို သုံးပွဲရှိပြီ။ ထောက်ခံပွဲ ၁ ပွဲ ဆန္ဒပြပွဲ ၂ ပွဲ၊ လုံခြုံရေးယူပေးရတာပဲရှိတယ်။ ထူးခြားလာတာဘာမှ မရှိဘူး။ အလကား ငွေကုန်တာပဲ အဖတ်တင်တယ်”လို့ ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အောက်တိုဘာလ ၂၇ ရက်ကစတင်ကာ တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား ​တိုက်ပွဲတွေဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု များလာချိန်မှာ စစ်တပ်က ဝါဒဖြန့်မီဒီယာတွေကို အသုံးပြုလာတာဖြစ်ပါတယ်။

နေပြည်တော်မှာ နိုဝင်ဘာလ ၁၁ ရက်က General Life News သတင်းဌာနမှ အယ်ဒီတာ ဒေါ်စင်ဦး၊ နိုဝင်ဘာလ ၁၆ ရက်နဲ့ ၁၉ ရက်မှာ Myanmar National Post သတင်းဌာန အယ်ဒီတာချုပ် မဘသ ကိုနောင်တော်လေးဆိုသူက ဦးဆောင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အလားတူ ဒီနေ့ညနေ ၄ နာရီမှာလည်း ဗဟန်းမြို့နယ်၊ ကြေးသွန်းဘုရားကြီးရှေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးအစည်းအရုံး(MNO) က ဦးဆောင်ကာ MNO အဖွဲ့ဝင်တွေ၊ ကြံ့ခိုင်ရေး ပါတီဝင်တွေ ဆူးလေမြို့တော်ခန်းမနဲ့ တရုတ်သံရုံးရှေ့အထိ ချီတက် လမ်းလျှောက်ကာ ဆန္ဒပြကြပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးအစည်းအရုံးမှ ကိုမင်းမင်းက “ကျနော်တို့ ဆန္ဒပြတာဟာ တိုင်းပြည်မှာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် လှုံ့ဆော်တာ မဟုတ်ဘူး။ ဆူပူအကြမ်းဖက်မှုတွေ ရက်စက်ယုတ်မာမှုတွေကို အဆုံးသတ်ကြဖို့ ကောင်းပြီ။ ဒီနေရာမှာ အစိုးရကလည်း တာဝန်ယူမှု တာဝန်ခံမှု ရှိရမယ်” လို့ ပြောပါတယ်။

ရန်ကုန်မှာ ချီတက်လမ်းလျှောက် ဆန္ဒပြရာတလျှောက် လမ်းသွားလမ်းလာတွေ၊ YBS ယာဥ်ပေါ်မှ ခရီးသည်တွေက ရယ်မောလှောင်ပြောင်သွားကြတယ်လို့ ကျောက်တံတားမြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ရယ်စရာကြီးဗျာ၊ အကြမ်းဖက်က ဘယ်သူလဲ ဆိုတာ ထမင်းစားကြီးတဲ့သူတိုင်း သိတယ်။ ၂၀၂၀  ရွေးကောက်ပွဲပြီးတော့ ဒီကောင်တွေပဲ စစ်တပ်က အာဏာသိမ်းအောင် ပံ့ပိုးခဲ့တာ သူ့လူနဲ့သူ လာလုပ်တာ ပြည်သူဆိုတဲ့ စကားလုံးကို မသုံးနဲ့၊ နိုင်ငံရေးအသိရှိသူတိုင်း ဒီပွဲမှာ မပါဘူး” လို့ ပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးအစည်းအရုံးမှ ဦးဆောင်ကာ ရန်ကုန်မြို့မှာ နိုဝင်ဘာလ ၁၆၊ ၁၈ ရက်နဲ့ ၁၉ ရက်မှာ သုံးကြိမ်တိုင်ပြုလုပ်ခဲ့တဲ့ပွဲမှာတော့ လူတယောက်ကို စရိတ်ငြိမ်း ကျပ် သုံးသောင်းမှ ငါးသောင်းအထိ ပေးရတယ်လို့ ဆန္ဒပြပွဲတွေမှာ လူခေါ်ပေးသူတဦးက ပြောပါတယ်။

“ငါးထောင်စား မဟုတ်တော့ဘူး။ သုံးသောင်းကနေ ငါးသောင်းအထိ ပေးရတယ်။ ကုန်စျေးနှုန်း တက်တာက တပိုင်း၊ အသက်အန္တရာယ်နဲ့ရင်းပြီး လာရတာ ပေးရမှာပဲ။ လူတယောက်ကို သုံးသောင်း ဆယ်ယောက် ခေါ်လာနိုင်ရင် အဲဒီလူက အဲဒီဆယ်ယောက်ကို ဦးဆောင်ပေး၊ သူ့ကိုတော့ ငါးသောင်းပေးရတယ်” လို့ ​ပြောပါတယ်။

လာရောက်သူ အများစုမှာ ကျူးကျော်ရပ်ကွက်မှ နေထိုင်သူတွေဖြစ်သလို ခိုး၊ ဆိုး၊ ခါးများ၊ ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ နေ့စားခနဲ့ အမြဲ လိုက်လံဆန္ဒပြသူတွေဖြစ်တယ်လို့သူက ရှင်းပြပါတယ်။

ဒီလိုဆန္ဒပြတွေကို  ပွဲမလုပ်ခင် ၂ ရက် ကြိုတင်ကာ နေပြည်တော်ရှိ ကက(ကြည်း)ဦးစီးချုပ်ရုံးက ဆန္ဒပြသူတွေရဲ့ လုံခြုံရေးနဲ့အတွက် စောင့်ကြည့်ပေးဖို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်တွေကို တာဝန်ပေးထားတာလို့ စစ်မှုထမ်းဟောင်းအဖွဲ့(ဗဟို)အဖွဲ့တဦးက ပြောပါတယ်။

“စစ်မှုထမ်းဟောင်းအဖွဲ့ကလည်း လူလွှတ်ပေးရတယ်၊ ဝန်းရံပေးတယ်ပေါ့။ စစ်ဌာနချုပ်ရယ်က တဆင့် တိုင်းရဲတပ်ဖွဲ့ကို လုံခြုံရေးအတွက် တာဝန်ပေးတာ စရဖနဲ့ စသုံးလုံးကတော့ ပွဲတိုင်းအရပ်ဝတ်တွေနဲ့ ပါတယ်။ ကျနော်က ကူညီတာပဲရှိတယ်။ နေ့စားခနဲ့ မပတ်သက်ဘူး။”

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ နိုဝင်ဘာလ ၁၇ ရက် ညနေပိုင်းက မျိုးချစ်သမဂ္ဂ (မွန်)အဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့တဲ့ တိုင်ရင်းသားလက်နက်ကိုင်များ ကန့်ကွက်ရှုတ်ချပွဲမှာတော့ စိုးရိမ်မှုများစွာနဲ့ လုံခြုံရေးယူပေးခဲ့တယ်လို့ မော်လမြိုင်မြို့က ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“စစ်တပ်က ထောက်ပံ့ကြေးရလို့ လုပ်ကြပေမဲ့ ရဲတွေပဲ ဒုက္ခရောက်တာ။ လိုင်းပေါ်မှာ ဓာတ်ပုံပါသွားမှာစိုးလို့ လက်နက်တွေကို ဝှက်ထားရတယ်။ တကယ်လို့သာ လာပစ်ရင် ကျနော်တို့ သေပြီ” လို့ ညည်းတွားပြောဆိုပါတယ်။

ဒီလိုပွဲတွေကို အမျိုးသားရေးလှုပ်ရှားသူသာ မဟုတ်ဘဲ ပဲခူးမြို့က အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်တပ် ထောက်ခံသူတွေက နိုဝင်ဘာလ ၁၆ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့ပြီး စစ်တပ်ထောက်ခံသူ မပုတု(မဟာသွေး) ဟောပြောခဲ့ပါတယ်။

ဒါ့အပြင် ကြံ့ခိုင်ရေးပါတီရဲ့ သမ္မတဟောင်းဦးသိန်းစိန် နယကအဖြစ် တည်ထောင်ထားတဲ့  ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းရဲ့ အမှုဆောင်တဦးဖြစ်တဲ့ ဦးအောင်မိုးကျော် (Positive Angle News နဲ့ မြန်မာ့ဂုဏ်သတင်းဌာနအယ်ဒီတာတို့က ဦးဆောင်ပြီး ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ဟစ်တိုင်ကွင်းမှာ နိုဝင်ဘာလ ၁၅ ရက် မနက်ပိုင်းက တပ်ထောက်ခဲပွဲ ပြုလုပ်ခဲ့ရာ အမျိုးသားရေးသမားတဦးဖြစ်သူ ဦးချိုမြင့်ခိုင်က ထောက်ခံဆွေးနွေးခဲ့ပါတယ်။

“သူက ဧရာဝတီတိုင်းဘက်မှာ မရှိဆင်းရဲသားတွေကို ကူညီသလိုနဲ့ စစ်တပ်ကို ထောက်ခံအောင် လိုက်ပြီးစည်းရုံးတာ။ ပြည်ခိုင်ဖြိုးပါတီဝင်ဆိုတော့ တပ်ထောက်ခံတာ မဆန်းပါဘူး”လို့ ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ နိုဝင်လာလ ၂၇ ရက်က စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်သိမ်းပိုက် ခံရပြီး စစ်ကောင်စီတပ်သားတွေ ကျဆုံးမှု များပြာလာလို့ စစ်ခေါင်းဆောင်က ပြည်နယ်နဲ့တိုင်းအသီးသီးရှိ စစ်ဌာနချုပ်နယ်မြေအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တွေကို နိုဝင်ဘာ ၁ ရက်မှ စတင်ကာ အလှူခံခိုင်းခဲ့ပါတယ်။

ပြည်နယ်နဲ့ တိုင်း အသီးသီးက လုပ်ငန်းရှင်တွေက လက်ခံရရှိငွေ ကျပ် သိန်းပေါင်းသန်းနဲ့ချီကာ ရရှိခဲ့ပေမဲ့ရှေ့တန်းရောက် စစ်သည်တွေအတွက် အသုံးပြုတာမရှိဘဲ စစ်တပ်ရန်ပုံငွေအဖြစ်ထားကာ ထောက်ခံပွဲနဲ့ ကန့်ကွက်ရှုတ်ချပွဲတွေမှာ အသုံးပြုခဲ့တယ်လို့ စစ်လက်နက် ဝယ်ယူရေးညွန်ကြားရေးမှူးရုံးမှ အရာရှိတဦးက ပြောပါတယ်။

“လှူတဲ့ငွေက အတော်များတာ။ ကျနော့်တို့ ထင်တာ လက်နက်တွေ ဝယ်မယ်ထင်တာ၊ မလုပ်ဘူး။ တပ်ခေါင်းဆောင်တွေက အိတ်ထဲပဲ ထည့်တာ။ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့စိတ် တပ်တွင်းမှာလည်း အခုဆို ပြိုကွဲနေပြီ။ ကက(ကြည်း)နဲ့ လက်ရုံးတပ်တွေမှာ။”

စစ်ခေါင်းဆောင်ဟာ ဝါဒဖြန့်ချိရေးမှာ ပြည်တွင်းသတင်းဌာနတွေ တယ်လီဂရမ်ချန်နယ်တွေနဲ့ နေ့စားဆန္ဒပြသူတွေကို အသုံးပြုခဲ့ပေမဲ့ အောင်မြင်မှုမရှိဘူးလို့ အမျိုးသားရေးလှုပ်ရှားရေးအဖွဲ့မှ နုတ်ထွက်ခဲ့သူတဦးက ပြောပါတယ်။

“၂၀၂၀ ရွေးကောက်ပွဲပြီးတော့ တပ်က နိုင်ငံအတွင်းမှာ ရွေးကောက်ပွဲရလဒ်ကို လက်မခံလို့ ဆန္ဒပြနေပြီလို့ ထင်အောင် ကျနော်တို့ကို ခိုင်းခဲ့တယ်။ အာဏာသိမ်းပြီးတော့ ကျနော်တို့ကို လူထုက လက်မခံဘူး။ နေစရာမရှိဘူး။ တချို့ဆို ထွက်ပြေးရတယ်။ တချို့ အသတ်ခံရတယ်။ တပ်က ကာကွယ်ပေးတာမရှိဘူး။ အာဏာမသိမ်းခင်ကတည်းက လူထုက တပ်မကြိုက်တာ အာဏာသိမ်းလိုက်တော့ ပိုဆိုးသွားတယ်။ အခုချိန် ဘုရားကိုပင့်ပြီး စစ်တပ် ကောင်းကြောင်း ပြောခိုင်းရင်တောင် မရတော့ဘူး”လို့ ပြောပါတယ်။

စစ်ကောင်စီက နိုဝင်ဘာလ ၁၁ ရက်မှ စတင်ကာ ၁၉ ရက်နေ့အထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ကချင်မှာ စစ်မှုထမ်းဟောင်းအဖွဲ့၊ ကြံ့ခိုင်ရေး ပါတီဝင်တွေ၊ အမျိုးသားရေးသမားတွေ တပ်ထောက်ခံသူတွေအပြင် သတင်းသမားအမည်ခံ မဘသတွေ၊ စစ်အုပ်စုပံ့ပိုးပေးထားတဲ့ ဝါဒဖြန့် ကြေးစားသတင်းဌာနတွေပါ ပါဝင်လာတာ ဖြစ်ပါတယ်။

တရုတ်သံရုံးရှေ့မှာ ဆန္ဒပြီး အိမ်အပြန် ဟိုက်ဂျက်ကားပေါ် နေ့စားခနဲ့ ဆန္ဒပြသူတွေ တက်နေချိန် “ကိုမင်း ကို ပြောပေးဦး၊ ၁၆ ရက်ပွဲတုန်းက နှစ်သောင်း ကျန်တာပါ။ တခါတည်းပေါင်းပေး”လို့ ပြောလိုက်တဲ့ အမျိုးသမီးကြီးတဦး၏ စကားကြောင့် ဦးဆောင်သူတွေ မျက်စိမျက်နှာ ပျက်သွားပါတော့တယ်။

မြင့်မြတ်သူ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024