စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်သား ၁ ယောက်နဲ့ ပျူစောထီး ၁ ယော်ကကို လက်နက်နဲ့အတူဖမ်းမိပြီး မုံရွာမြို့ပေါ် နေရာအနှံ့မှာတော့ တပ်မတော်သားတွေ ပြည်သူ့ဘက်ပါလာအောင် စည်းရုံးလှုံ့ဆော်ခဲ့ပါတယ်။
ကလေးမြို့နယ်၊ နန်းချောင်းရွာအနီးမှာ နိုဝင်ဘာ ၁၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ယောက်နဲ့ ပျူစောထီးအဖွဲ့ဝင် ၁ ယောက်တို့ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသက နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီလက်အောက်ခံ ဆည်တော်ဦးကျေးရွာကနေ နန်းချောင်းရွာအနီးကို ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်တွေကြား ထိတွေ့တိုက်ပွဲ့ဖြစ်ပွားခဲ့ပြီးနောက် ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
ကလေး PDF ရဲဘော်တယောက်က “သူတို့ဘက်က အင်အား ၁၈ ယောက်လောက် ကင်းလှည့်လာတာ။ ကျနော်တို့ဘက်က ချောင်းပစ်တာကနေ ထိတွေ့ခဏဖြစ်တာ။ ဖမ်းမိတဲ့ ၂ ယောက်က မပြေးချင်လို့ ကျနော်တို့အဖွဲ့က မိတာ။ လက်နက်ငယ် ၂ လက်နဲ့ ကျည် ၆၄ တောင့်လည်း သိမ်းဆည်းနိုင်ခဲ့တယ်” လို့ ပြောပါတယ်။
အဲဒီထိတွေ့တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ဗိုလ်အောင်ခန့်ကို အပါအဝင် ၅ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးတပ်တွေဘက်ကတော့ ထိခိုက်တာ မရှိဘူးလို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် နေရာအသီးသီးမှာ မုံရွာသပိတ်အင်အားစုနဲ့ မုံရွာ အခြေခံပညာကျောင်းသားများသမဂ္ဂတို့ ပူးပေါင်းပြီး နိုဝင်ဘာလ ၁၉ ရက်နေ့ဒီနေ့မှာ တပ်မတော်သားတွေ ပြည်သူ့ဘက်ပါလာအောင် လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
မုံရွာသပိတ်အင်အားစုဝင်တယောက်က “ဒီလှုပ်ရှားမှုက တပ်မတော်သားတွေကို ပြည်သူ့ဘက်ပါလာအောင် စည်းရုံးလှုံ့ဆော်တဲ့ သဘောပါ။ စျေးတွေနဲ့ ကန်သာယာ၊ ရွှေစည်းခုံဘုရားလို နေရာမျိုးတွေမှာ လှုပ်ရှားခဲ့တာပါ။ တပ်မတော်သားတွေအနေနဲ့ အမြင်မှန်ရပြီး ပြည်သူလူထုဘတ်ကို အမြန်ဆုံး ကူးပြောင်းခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ အာဏာရှင်ကိုကာကွယ်ဖို့ တခုတည်းနဲ့ ပြည်သူ့လူထုကို ပြန် သေနတ်နဲ့ ထောက်နေတဲ့ လုပ်ရပ်ကနေ ရပ်တန့်က ရပ်ကြဖို့ ပြောချင်ပါတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။
တပ်မတော်သားတွေအနေနဲ့ ကိုယ့်အကျိုးစီးပွား တကိုယ်ကောင်းသမား အာဏာရူး လူတစုအတွက် မိမိတို့အသက်တွေ ပေးနေရတာဟာ လုံးဝ မတန်သလို အာဏာရှင် လူတစုဟာ သူတို့မိသားစု ကောင်းစားရေးနဲ့ အာဏာရဖို့အတွက် အောက်ခြေ စစ်သားတွေကို ချနင်းနေတယ်ဆိုတာ တပ်မတော်သားတို့ အသိဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအတွက် တပ်မတော်သားတွေအနေနဲ့ နောက်မကျခင် ပြည်သူ့ဘက်ကို အမြန်ဆုံး ကူးပြောင်းပြီး လက်နက်ချ အလင်းဝင်ဖို့ သူတို့က ဖိတ်ခေါ်ပါတယ်။
လက်နက်ချတာဟာ အညံ့ခံတာမဟုတ်ဘဲ ပြည်သူလူထု တရပ်လုံးအတွက် သူရဲကောင်း အဖြစ်သတ်မှတ်ထားပြီး ပြည်သူလူထုအနေနဲ့ တပ်မတော်သားတွေကို နွေးနွေးထွေးထွေး ကြိုဆိုပါတယ်လို့လည်း မုံရွာသပိတ်အင်အားစုက ဆိုပါတယ်။