Home
ဆောင်းပါး
သာဝ အချိန်မရတော့ပါ (သရော်စာ)
DVB
·
November 19, 2023

(က)

ရေနွေးကြမ်းဝိုင်းမှာ အဘစောမူးသာတို့ စစ်ပြန်ကြီးအဘလုံးတုံးတို့၏ မျက်နှာများကား ကြည်လင်ဝင်းပလျက်ရှိကြသော်ငြား စိမ်းသရဖူစိမ်း ရပ်ကျေးအစိမ်းဥက္ကဋ္ဌ အဘ စိမ်းမောင်တို့ သူ၏တပည့် စိမ်းဆိုမှစိမ်း အဘစိမ်းလွင်တို့၏ မျက်နှာများကား မှိုင်းမှုန်နေတာကို မြင်ရပါလေ၏။

"လက်ရှိအခြေအနေကို သဘောပေါက်တယ်နော် စိမ်းမောင်တို့ "

"ဘာကိုပြောတာလဲ၊ ဘာတွေကို သဘောပေါက်ရမှာလဲ "

" ဟဲ ဟဲ ဟဲ ဟဲ ဟဲ ဟဲ . . . စိမ်းမောင် . .စိမ်းမောင် . . . မသိခြင်ထောင် ထောင်နေတာကြီးက ရယ်စရာကြီးကွာ "

" ဝါး . . . . ဟားဟား ဟားဟား ဟားဟား "

ထရယ်လိုက်ကြရာ အဘစိမ်းမောင်ကော အဘစိမ်းလွင်ပါ စပ်ဖျဉ်းဖျဉ်းဖြစ်သွားကြပါလေ၏။

ကြင်စိုး သာ၀ မအလ၏ လက်ရှိအခြေအနေကို အရွှင်အဘတွေက မြင်သမျှ ပြောကြပါလေရာ

' ဘဘစိမ်း ' တို့ထံမှ တုံ့ပြန်စကားတွေ ထွက်လာပါလေ၏။

" စခန်းတွေသိမ်းလည်း ခဏပါကွာ . . . "

" အခုဟာက မြို့တွေပါ သိမ်းနေတာကွ "

" မြို့တွေသိမ်းလည်း ခဏပေါ့ကွာ၊ ကြာရှည်တော့ ရမလားဟ . . . "

"စခန်းတွေ၊ မြို့တွေ၊ တင့်ကားတွေ၊ သံချပ်ကာကားတွေ၊ တိုက်လေယာဉ်တွေပါ မင်းတို့အဘ မအလက အလှူကြီးပေးနေတာပါဗျား "

" ဝါး . . . . ဟားဟား ဟားဟား ဟားဟား "

"အခုတော့ သူ့ရဲ့ စစ်သည်တော်တွေကိုပါ နေရာအနှံ့မှာ ဖြန့်ကြက်ပြီး လှူနေပြန်ပြီလေ "

" ဟေ . . . အဲ . . . "

" အရင်တုန်းက မင်းတို့ရဲ့မအလတွေက သေနတ်ကလေးတဆဆ အာဏာကလေးတပြပြနဲ့ အော်ဟစ်ကြိမ်းမောင်းခဲ့ကြတာ မှတ်မိသေးလား"

" ဘာကို ပြောတာလဲ "

" ' သေရဲတဲ့ကောင်ထွက်ခဲ့' ဆိုတာလေကွာ "

" အဲ . . . . . . "

"အခုတော့ မသေရဲတဲ့ဖက်ဆစ်ကောင်တွေက ' အလံဖြူ  ' လေးတွေတပြပြနဲ့ ကျီးလန့်စာစား မျက်နှာသေကလေးတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီကို လက်နက်ချနေရပြီ "

"အဲသလို လက်နက်ချတာ လူနည်းစုပါကွာ "

" အေး . . . မင်းတို့ အစွန်းရောက် စိမ်းသရဖူစိမ်း ဘောမတွေ ခဏပဲစောင့်ကြည့်လိုက်လေ၊

သိပ်မကြာခင်မှာ မအလတပ်တွေ အကုန်လုံး လက်နက်ချကိုချကြတော့မှာ "

" . . . . . . "

" နှစ်မကုန်ခင် မအလတပ်တွေအကုန် အမြင်မှန်ရပြီး ပြည်သူ့ရင်ခွင်ကို ခိုလှုံကြတော့မှာ။ နေပြည်တော်မှာ ကျန်ခဲ့မယ့် စစ်သားဆိုလို့ မအလနဲ့ စစ်ရေးပြကွင်းက အရုပ်ကြီး ၃ ရုပ်ပဲ ရှိတော့မှာကွ စိမ်းမောင်ရ "

" ဝါး . . . ဟားဟား ဟားဟား ဟားဟား "

(ခ)

" မင်းတို့ကိုးကွယ်တော်မူနေတဲ့ ကြင်စိုး သာ၀ မအလဆိုတဲ့ အယုတ်တမာကောင်ဟာ ခုဆိုရင် အဲသည်လို လျော့ပါးသွားတဲ့ စစ်သားတွေနေရာမှာ Non CDM ဝန်ထမ်း တွေကိုလက်နက်တပ်ဆင်ပေးပြီး အသေခံ ခိုင်းဖို့ ကြိုးစားနေပြန်ပြီလေကွာ "

" ဟုတ်လို့လားကွာ "

" သေချာသပေါ့ စိမ်းမောင်ရာ၊ အာဏာရှင် ဆိုတာ သူ့မိသားစုအကျိုးကလွဲလို့ ဘာကိုမှ ညှာတာထောက်ထားလိမ့်မယ် မထင်နဲ့၊ အခု ရုံးတက်နေတဲ့ဝန်ထမ်းတွေဟာ မအလနဲ့ သူ့မိသားစုကို သေနတ်ကိုင် အသေခံပြီး ကာကွယ်ပေးကြရဦးတော့မယ် "

" ဟှူး. . . . . . ဝှူး . . . . "

အဘစိမ်းမောင်နှင့် အဘစိမ်းလွင်တို့ထံမှ ပြိုင်တူသက်ပြင်းချသံကို ကြားကြရပါ၏။

နေပြည်တော်မှာ သူတို့၏ တူ တူမ အရင်း ဝန်ထမ်းတွေရှိနေကြသမို့ သည်သတင်းတွေကို သူတို့လည်း ကြို၍သိထားကြပြီးဖြစ်လေသည် မဟုတ်ပါလား။

" အေး . . . အခု တောထဲတောင်ထဲမှာရောက်နေတဲ့ ခေတ်ပညာတတ် PDF လူငယ်လေးတွေကို အထင်မသေးနဲ့ကွ၊ မင်းတို့ပြောပြောနေတဲ့ နှစ် ၇၀ ရှိပါပြီဆိုတဲ့ခေတ်မီတပ်မတော်ဆိုတာကြီးကို ၃ နှစ် မပြည့်ခင် ပြိုအောင်ဖြိုတော့မှာ "

" . . . . . . . "

" ကဗျာဆရာ မောင်မောင်ငြိမ်းအေးရဲ့ ကဗျာလေးတစ်ပုဒ် ရှိတယ်ကွ "

" ရွတ်ပြပါအုံး မူးသာရ "

" အေး အေး ရွတ်ပြမယ် လုံးတုံး "

သူ့ဖုန်းထဲမှာ ရှာပါလေ၏။ တွေ့ပြီကွ ဆိုကာ ရေနွေးကြမ်းတစ်ခွက်မော့ရင်း လည်ချောင်း ရှင်းပါ၏။ ကဗျာခေါင်းစဉ်လေးက ' အချိန် ' တဲ့ကွဟုဆိုကာ ရွတ်ပြပါ၏။

" အလောင်းကောင်က

သူ့နဖူးကကျည်ဆန်ကိုယူကြည့်တော့။

လွန်ခဲ့တဲ့သုံးနှစ်က

သူပစ်ခဲ့တဲ့ကျည်ဆန်ဖြစ်နေတာတွေ့ရပေါ့ "

ကဗျာလေးက ကဗျာဆန်လိုက်တာကွာဟု အဘလုံးတုံးက မှတ်ချက်ပြုပါ၏။ ပြီးတော့ သူ့ဆီမှာလည်း ခေတ်ပညာတတ် PDF လူငယ်လေးတွေနဲ့ပတ်သက်တဲ့ ကဗျာလေးတွေရှိတယ်ကွဟု ဆိုကာ ပြန်ရှာနေပါ၏။ ခဏအကြာမှာ " တွေ့ပြီကွ " ဟုဆိုပြီး ငါလည်းရွတ်ပြမယ်ဟု ပြောပါ၏။

"ဘယ်သူ့ကဗျာလဲ လုံးတုံး "

" ဆရာမင်းထင်ကိုကိုကြီးရဲ့ ကဗျာကွ၊ ကဗျာ ခေါင်းစဉ်က ' အလွမ်း ' တဲ့ကွ "

ပြီးတော့ သူ၏ဘယ်သံကြီးဖြင့် ပီပီသသရွတ်ဆိုပြပါ၏။

" ခဏဆိုပြီး ထွက်လာခဲ့တုန်းက

ဖိနပ်တောင် မပါခဲ့ဘူး။

အခုနေ

အိမ်ပြန်ရမယ်ဆိုရင်

ခြေထောက်တစ်ဘက် ပြန်မပါတော့ဘူး။

ဖိနပ် မပါပါ

ခြေထောက် မပါပါ

အသက်ကလေး ပါတုန်း

အိမ်ပြန်ချင်တယ် "

(ဂ)

စိမ်းသရဖူစိမ်းအဘများကား အိမ်ပြင်သို့လှမ်း၍ငေးနေကြကာ သက်ပြင်းပူတွေသာ ခိုးခိုး ချနေကြပါလေ၏ ခင်ဗျာ။ အဘစောမူးသာနှင့် အဘလုံးတုံးတို့က ပြုံးစိပြုံးစိမျက်နှာကြီးများနှင့် ဖေကြီးကို လှမ်းလှမ်းကြည့်ကြပါ၏။

" ကြင်စိုး သာ၀ မအလမှာ ' အချိန် ' လုံး၀ မရှိတော့ဘူးကွ။ ' တိုက်တိုင်းပြောင် 'ဘဝကနေ ' တပ်တိုင်းပြေး ' ဘဝဆိုးကြီးကိုရောက်ရှိနေပြီဆိုတော့ကာ များမကြာ ခင်မှာပဲ ဒီအယုတ်တမာကောင်ကြီးဟာ' ပြေး ' ကိုပြေးရတော့မှာ "

" အဲသလိုပဲဖြစ်လာမှာပါ လုံးတုံးရာ "

" ကျိန်းသေပေါ့ကွ မူးသာရ "

" မင်းတို့ပြောတာတွေက ဖြစ်နိုင်ပါ့မလား "

" ဖြစ်နိုင်ပြီလား စိမ်းမောင်ရာ၊ မင်းတို့စိမ်းသရဖူစိမ်းတွေရဲ့ရှေ့ဆောင်  (---မ) မောင် မောင်တွေဖြစ်တဲ့ မိုးဟိန်းတို့၊ အောင်မင်းတို့၊ ကျော်မျိုးမင်းတို့၊ ကျော်စိုးဦးတို့၊ ဖားမင်းဆွေတို့လို အယုတ်တမာကောင်တွေ တောင်မှ မအလ ခုခံချိန်မရတော့ပဲ ' လစ် 'ရတော့မှာ ကျိန်းသေနေပြီဆိုတာကို ကြိုတင်သုံးသပ်နေကြပြီလေကွာ "

" ဟှူး . . . . ဝှူး. . . . . "

" သေနင်္ဂဗျူဟာ  ရှေးကဗျာထဲကလိုပဲပေါ့၊ စစ်သည်အင်အား လက်နက်အင်အား ပိုမိုသာလွန်ပေမဲ့လည်း ပြည်သူလူထုရဲ့ ထောက်ခံမှုမရရင် အဲသည်တပ် ရှုံးမှာပဲ "

" အေးကွ . . . အခုလည်း ' တူမီး ' လေးတွေနဲ့ မီးကျိုး မောင်းပျက်ကလေးတွေနဲ့ ခုခံခဲ့ကြတဲ့ တရားသောစစ်ဟာ ပြည်သူလူထုရဲ့ထောက်ခံမှုနဲ့ အောင်ပွဲတွေရခဲ့တာတော့ လက်တွေ့ပေါ့ကွာ "

အစိမ်းအဘတွေကား ဘာမှမဆိုင်သလိုလို ဘာမှမကြားသလိုလို ငူငူငေါင်ငေါင်ကြီးတွေ ခင်ဗျ။ အရွှင်အဘတွေကလည်း စကားဝိုင်းထဲဆွဲခေါ်ကာ ကြပ်ကြပါလေ၏။

" သိပ်မကြာခင်မှာ မင်းတို့လို အစိမ်းတွေကို လာခေါ်ပြီး လက်နက်တပ်ဆင်ပေးမယ်၊ ပြီးရင် ရှေ့တန်း တန်းပို့မှာတဲ့ကွ "

" ဟေ . . . . . . "

" အေး . . . ရှေ့တန်းရောက်တာနဲ့ ဘာမှလုပ်မနေနဲ့၊ အောက်ခံစွပ်ကျယ်အဖြူလေးတွေကို ချွတ်ထားပြီး ' အလံဖြူ  ' လေးတွေရယ်ဒီလုပ်ပြီးထောင်ထားလိုက်၊ အိုကေပဲ "

" အဲ . . . . . . "

တကယ်တော့ ကြင်စိုး သာ၀ မအလကို မနေကြတဲ့သူတွေလည်း မအလရဲ့ နိဂုံးကို ' သိ ' နေကြပါပြီ။ ဘယ်နေ့ဘယ်ရက်ကိုယ်လွတ်ရုန်းပြီးထွက်ပြေးမလဲဆိုတာ သူ တို့လည်း စောင့်ကြည့်နေကြတာပါ။ ဒါပေမဲ့လည်း ' ဟန်ကိုယ့်ဖို့ ' လုပ်နေကြဆဲပါ။

စကားဝိုင်းကား နိဂုံးချုပ်လေပြီ။ အဘစောမူးသာက လိုင်းပေါ်မှာတွေ့သည့် ' အကျိုးဆိုသော ကဗျာကလေးကို ရွတ်ဦးမယ်ကွာဟုဆိုပြီး အသံနှင့် ဋ္ဌာန်နှင့် ပီသကြည်မြစွာ ရွတ်ဆိုပြပါလေ သတည်း။

" ပြည့်ဝမ်းကိုလည်း ဖောက်သော

ပြည့်ဦးကင်းကိုလည်း နှိမ်သော

ပြည့်တံခွန်ကိုလည်း လှဲသော

ပြည့်မျက်စိကိုလည်း ထုတ်သော

ပြည့်အစွယ်ကိုလည်း ချိုးသော

ပြည့်မျက်နှာကိုလည်း ဖျက်သော

ပြည့်ခြေပြည့်လက်ကိုလည်း ဖြတ်သော

ဟယ် . . . အကြင်သူယုတ်။

သင်ပြုသမျှကံကား

သင့်ထံ ပြန်လာနေချေပြီ။

အသင့်ပြင်ထားလော့ "

ဖေကြီး(လေရှီး)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024