အမေရိကန်နိုင်ငံ၊ နယူးဟမ်ရှိုင်းယားပြည်နယ်ရှိ စိတ်ရောဂါကုဆေးရုံမှာဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုအတွင်း သေနတ်သမား အပါအဝင် လူ ၂ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
နိုဝင်ဘာ ၁၇ ရက်က ပြည်နယ်မြို့တော် ကွန်ကော့ဒ်ရှိ နယူးဟမ်ရှိုင်းယား ပြည်နယ်ဆေးရုံရဲ့ ဧည့်ခန်းထဲကို လက်နက်ကိုင် လူတယောက် ဝင်ရောက်လာပြီး အစောင့်ကို သေနတ်နဲ့ ပစ်သတ်ခဲ့ ကြောင်းနဲ့ ပြည်နယ်ရဲအရာရှိက သံသယရှိသူကို ပစ်ခတ်ရာမှာ သေဆုံးသွားကြောင်း ပြောထားပါတယ်။
ဒေသစံတော်ချိန် ညနေ ၃ နာရီခွဲလောက်က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ တခြားဘယ်သူမှ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း ပြည်နယ်ရဲမှူးကြီး မာ့ခ်ဟောလ်က ပြောပါတယ်။
အခင်းဖြစ်ပွားရာ နေရာကို ရဲတွေ ရောက်ရှိလာချိန်မှာ အချက်ပေး ဥဩသံတွေ မြည်နေတာကို လူမှုကွန်ရက်ပေါ်မှာ လွှင့်တင်ထားတဲ့ ဗီဒီယိုဖိုင်မှာ ကြားနေရပါတယ်။
၁၈၄ ကုတင်ဆံ့ နယူးဟမ်ရှိုင်းယားပြည်နယ် စိတ်ရောဂါကုဆေးရုံဟာ ဧက ၁၂၀ ကျယ်ဝန်းတဲ့ အဆောက်အအုံဖြစ်ပြီး ကျန်းမာရေးနဲ့ လူသားဝန်ဆောင်မှုများ၊ ပညာရေးဌာနနဲ့ အများပြည်သူ အသုံးချရေး ကော်မရှင်တို့အပါအဝင် ပြည်နယ်အေဂျင်စီ အများအပြားလည်း တည်ရှိနေတာ ဖြစ်ပါတယ်။
Source/Photo-Reuters