Home
မြန်မာသတင်း
အောင်မင်္ဂလာအဝေးပြေးထိပ်တွင် အလှူခံမဏ္ဍပ်ကို YBS ဝင်တိုက်ပြီး ၁ ဦးသေ၊ ၄ ဦး ဒဏ်ရာရ
DVB
·
November 17, 2023

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးထိပ်ရှိ ‌အမှတ် ၃ လမ်းမကြီး၊ ကားမှတ်တိုင်အနီးမှာ နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းက ကထိန်အလှူခံမဏ္ဍပ်ကို YBS 92 ယာဉ် ဝင်တိုက်မိပြီး ၁ ဦးသေ၊ ၄ ဦးဒဏ်ရာရရှိသွားတယ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

မင်္ဂလာဒုံ ၃ လမ်းဆုံ မီးပွိုင့်ဘက်ကနေ မြောက်ဥက္ကလာဘက်ကို မောင်းနှင်လာတဲ့ အဝေးပြေးကား YBS ဟာ အရှိန်မထိန်းနိုင်ဘဲ တက္ကစီတစီးနောက်ပိုင်းကို ဝင်တိုက်မိပြီး အလှူခံမဏ္ဍပ်ကို ထပ်မံတိုက်ကာ လမ်းဘေးရှိ ဓာတ်တိုင်ကို ထပ်မံတိုက်မိခဲ့တာ ဖြစ်ပါတယ်။

ပုလဲအရန်မီးသတ်တပ်ဖွဲ့ဝင်တဦးက “အဝေးပြေးထိပ်နားက အလှူခံမဏ္ဍပ်ကို YBS က ဝင်တိုက်မိတာပါ။ YBS ကားက မင်္ဂလာဒုံကနေ မြောက်ဥက္ကလာပဘက်ကို လာတာ။ တက္ကစီကိုတိုက်မိပြီး မဏ္ဍပ်ကိုထပ်တိုက်၊ လမ်းဘေးဓာတ်တိုင်ကို ဆက်တိုက်မိတာ။ အသက် ၆၀ အမျိုးသား ၁ ဦး သေဆုံး၊ လူ ၄ ဦးဒဏ်ရာရသွားပါတယ်။ DB ကိုတော့ မေဓာဝီဆေးရုံကို ပို့ပေးထားပါတယ်” လို့ ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် မဏ္ဍပ်အတွင်း အလှူခံနေသူ အသက် ၆၀ အရွယ် အမျိုးသားတဦးမှာ ကားဘီးအောက်ငြိ ဒဏ်ရာရရှိကာ သေဆုံးသွားပြီး ကားမှတ်တိုင်အနီးရှိ လူ ၄ ဦးမှာ ပွန်းပဲ့ပြတ်ရှဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေကို အရပ်ဘက်ကယ်ဆယ်ရေးယာဉ်၊ ပုလဲအရန်မီးသတ်က လူနာယာဉ်တွေနဲ့ မြောက်ဥက္ကလာပမြို့နယ် မေဓာဝီဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဧပြီ ၃၀ ရက်ကလည်း မင်္ဂလာဒုံ၊ ပုလဲလမ်းဆုံအနီး ကုဋေကြွယ် လက်ဖက်ရည်ဆိုင်အရှေ့ အမှတ် ၃ လမ်းမပေါ်မှာ စက်ရုံဝန်ထမ်းတဦးကို YBS 92 က ဝင်တိုက် တက်ကြိတ်ခဲ့လို့ သေဆုံးသွားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024