အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံကနေ မြန်မာနိုင်ငံအပေါ် ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲထားတဲ့ အမှုမှာ ကနေဒါနိုင်ငံနဲ့ ဥရောပ ၅ နိုင်ငံဖြစ်ကြတဲ့ ဗြိတိန်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီနဲ့ နယ်သာလန်နိုင်ငံတို့က ကြားဝင်ပူးပေါင်းပါဝင်သွားမယ်လို့ ကြေညာပါတယ်။
၂၀၁၉ ခုနှစ်တုန်းက တင်သွင်းထားတဲ့ အဆိုပါအမှုမှာတော့ မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုဟာ လူမျိုးတုံးသတ်ဖြတ်မှုမြောက်ပြီး မြန်မာနိုင်ငံကပါ ပါဝင်လက်မှတ်ထိုးထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှု တားမြစ်ရေးဆိုင်ရာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။
လတ်တလော နိုဝင်ဘာ ၁၆ ရက်စွဲနဲ့ ကနေဒါနဲ့ ဥရောပ ၅ နိုင်ငံ ပူးတွဲထုတ်ပြန်ချက်မှာတော့ မြန်မာစစ်တပ် လုံခြုံရေးတပ်ဖွဲ့တွေက ရိုဟင်ဂျာတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ ရှင်းလင်းတဲ့ စစ်ဆင်ရေးတွေကို ကျူးလွန်ခဲ့ကြောင်း၊ အဆိုပါ စစ်ဆင်ရေးအတွင်း ကျူးလွန်ခဲ့တာတွေဟာ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ဖို့ ရည်ရွယ်ထားကြောင်းနဲ့ သူတို့ဟာ မုဒိမ်းမှုနဲ့ တခြား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပုံစံတွေ အပြင် ကျေးရွာတွေ မီးရှို့ဖျက်ဆီးမှုတွေအထိပါ မကြာခဏဆိုသလို ကျူးလွန်နေကြတယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့်မို့ ကနေဒါနဲ့ ဥရောပ ၅ နိုင်ငံအနေနဲ့ သူတို့ရဲ့ ကတိကဝတ်တွေကို တာဝန်ခံမှုရှိရှိ ဆက်လက်လုပ်ဆောင်သွားဖို့ ထပ်လောင်း အတည်ပြုပြီး အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) အနေနဲ့ ဒါတွေကို ငြိမ်းချမ်းစွာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လိုအပ်တယ်လို့လည်း ပြောထားပါတယ်။
လက်ရှိမှာတော့ အမှုနဲ့ပတ်သက်ပြီးတော့ မြန်မာစစ်အုပ်စုဘက်က ပြန်လည်ချေပ အစီရင်ခံ တင်သွင်းရမယ့်ရက်မှာ ရက်ရွှေ့ပေးဖို့ တောင်းဆိုထားတာကြောင့် တရားရုံးဘက်က အစီရင်ခံစာကို နောက်ဆုံးသတ်မှတ်ရက် ရွှေ့ဆိုင်းပေးထားပါတယ်။