ရှမ်းပြည်နယ် ကျိုင်းတုံမြို့အနီး ဒီကနေ့ နိုဝင်ဘာ ၁၇ ရက် ထိုင်းစံတော်ချိန် မနက် ၈ နာရီ ၃၇ မိနစ်က လှုပ်ခတ်သွားတဲ့ မြေငလျင်ဟာ ထိုင်းနိုင်ငံ ချင်းရိုင်း၊ ချင်းမိုင်၊ ဖယောင်း စတဲ့ခရိုင်တွေထိ လှုတ်ခတ်တုန်ခါမှုကိုခံစားရတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံ ငလျင်တိုင်းထွာရေးဌာနထုတ်ပြန်ချက်အရ အဆိုပါငလျင်ဟာ ပြင်းအားရစ်ချ်တာ စကေး ၆ ဒဿမ ၄ ရှိပြီး ဗဟိုဟာ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နဲ့ ကီလိုမီတာ ၁၀၀ အကွာအဝေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအချိန်ဟာ ထိုင်းကျောင်းသူကျောင်းသားတွေ အတန်းစတက်ချိန်ဖြစ်ပြီး တုန်ခါမှုခံစားရတာနဲ့ အားလုံးကွင်းပြင်ဘက်ကို ထွက်ပြေးလာကြတယ်၊ အဆောက်အဦထဲက ပစ္စည်းပစ္စယအချို့ ပြုတ်ကျတာတွေ ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရပ်ရွာထဲကပြည်သူအချို့လည်း အလန့်တကြား အိမ်ပြင်ဘက်ကို ထွက်လာကြတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ချင်းရိုင်းခရိုင်ဝန်က သူအုပ်ချုပ်နေတဲ့ ၁၈ မြို့နယ်တွင်း အပျက်အစီး ရှိမရှိနဲ့၊ ရှိပါက လိုအပ်သလိုအကူအညီပေးဖို့ စာရင်းတွေအမြန်ကောက်ယူပေးပို့ဖို့ သက်ဆိုင်ရာ မြို့နယ်မှူးတွေကို အကြောင်းကြားထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ကျိုင်းတုံမြို့အနီး နိုဝင်ဘာ ၁၇ ရက်မနက်က အင်အားရစ်ချ်တာစကေး ၅ ဒသမ ၉ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ်အနှံ့ (အထူးသဖြင့် ရှမ်းပြည်အရှေ့ပိုင်းဒေသ) မှာ ငလျင်တုန်ခါမှုကို ခံစားရကြောင်း လူမှုကွန်ရက်မှာ ဖော်ပြနေကြပြီး ပျက်စီးဆုံးရှုံးမှုတွေနဲ့ ပတ်သက်လို့တော့ ဒီဗွီဘီက ဆက်သွယ်စုံစမ်းနေဆဲ ဖြစ်ပါတယ်။