အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ဆက်နွှယ်ပြီး စစ်ကောင်စီဘက်ကရော တရုတ်ဘက်ပါ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ကိုးကန့်သူဌေး မြီရှောက်ချန်း ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ နိုဝင်ဘာ ၁၆ ရက်က ဝင်ရောက်ဖမ်းဆီးချိန် ပစ္စတိုသေနတ်နဲ့ သူ့ကိုယ်သူအဆုံးစီရင်သွားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ပစ္စတိုသေနတ်နဲ့ မိမိကိုယ်ကိုပစ်ခတ်ခဲ့တဲ့ မြီရှောက်ချန်းဟာ ထိခိုက်ဒဏ်ရာရရှိသွားပြီး ဆေးကုသမှုခံယူချိန် သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။
မြီရှောက်ချန်းကို မနေ့နေ့လယ်ပိုင်းက ဖမ်းဆီးချိန် သေနတ်နဲ့ သူ့ခေါင်းကိုသူပစ်ကာ သတ်သေသွားတာဖြစ်ပြီး မြီရှောက်ချန်းရဲ့အလောင်းနဲ့ မြီကော်ဖျင်းနဲ့ မြီကျိန်ကျိန်း တို့ကို မနေ့မွန်းလွဲပိုင်းက တရုတ်ဘက်ကို လွှဲပြောင်းပေးလိုက်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း စစ်ကောင်စီမီဒီယာတွေကိုပြောပါတယ်။
တရုတ်ကဖမ်းဝရမ်းထုတ်ထားတဲ့ မြီးရှောက်ချန်းအပါအဝင် ၄ ယောက်ထဲက ၃ ယောက်ကိုဖမ်းဆီးရမိထားပေမဲ့ ကျန်တစ်ယောက်ဖြစ်တဲ့ မြီကျွီလန်ဆိုကိုတော့ ဖမ်းမိထားတာမရှိသေးပါဘူး။
ကိုးကန့်ဒေသ လုပ်ငန်းရှင်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း မြီရှောက်ချန်း အပါအဝင် ၄ ယောက်ဟာဆိုရင် ကိုးကန့်ဒေသမှာ အွန်လိုင်းလိမ်လည်မှု၊ ပြန်ပေးဆွဲမှု၊ လူတွေကို မတရားဖမ်းဆီး ချုပ်နှောင်မှု၊ ခြောက်လှန့်တောင်းယူမှု၊ ဂိုဏ်းဖွဲ့ကျူးလွန်မှုတွေ လုပ်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပြောဆိုထားပါတယ်။
စစ်ရေးတင်းမာနေတဲ့ရှမ်းပြည်မြောက်ပိုင်းက လောက်ကိုင်မြို့ကို မြောက်ပိုင်းမဟာမိတ်တွေက သိမ်းယူဖို့ကြိုးစားနေချိန်မှာ စစ်ကောင်စီက တရုတ်ကဖမ်းဝရမ်းထုတ်ထားတဲ့သူတွေကို လောက်ကိုင်မြို့ကနေ ဖမ်းပြီး တရုတ်ပြည်ဘက်လွှဲပြောင်းပေးနေတာဖြစ်ပါတယ်။
ဒေသခံတွေအဆိုအရ ကိုးကန့်ဒေသက အချမ်းသာဆုံးမိသားစု လေးခုထဲက မြီ မိသားစုဝင်တွေဖြစ်တဲ့ ဦးမြီရှောက်ချန်းရဲ့သား မြီကော်ဖျင်၊ သမီးဖြစ်သူ မြီကျူးလန့်နဲ့ မြေးဖြစ်သူ မြီကြိမ်းကြိမ်းတို့ကို ဒီနေ့မနက်ပိုင်းမှာ ဖမ်းဆီးခဲ့ပြီး နေ့လယ် ၂ နာရီလောက်မှာ တရုတ်နိုင်ငံကို လွှဲအပ်လိုက်တယ်လို့ သိရပါတယ်။