ရန်ကုန်တိုင်း မြို့နယ်တချို့က စာသင်ကျောင်းနဲ့ ဌာနဆိုင်ရာရုံတချို့မှာ စစ်ကောင်စီက တပ်တွေပြန်ချပြီး လုံခြုံရေးဖြန့်ကြက်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်
သင်္ဃန်းကျွန်းမြို့နယ်မှ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက "ဒီနေ့ တချို့ရပ်ကွက်တွေက စာသင်ကျောင်းတွေဆီ စစ်တပ်က စခန်းချတာတွေလုပ်တာရှိတယ်။ အင်အားတော်တော်များများလိုက် ဖြန့်ကြက်နေတာ"လို့ ပြောပါတယ်။
ရန်ကုန်မြို့မှာ မြို့ပြတော်လှန်ရေးဖော်ဆောင်ဖို့ရှိပြီး ပြည်သူတွေသတိထားရမယ့် အချက်တွေကို တော်လှန်ရေးအင်အားစုတွေက သတိပေးလိုက်ပြီးတဲ့နောက် စစ်ကောင်စီဘက်က လုံခြုံရေးတိုးမြှင့်လာတာလို့ မြို့ခံတွေက ပြောပါတယ်။
ရန်ကုန်မြို့ခံပြည်သူတဦးက "အခုက ဌာနဆိုင်ရာရုံးတွေမှာလည်း စစ်သားတွေ အများကြီးပြန်တွေ့လာရတယ်။ လမ်းမှာစစ်ဆေးတာတွေလည်း ပိုများလာတယ်။ ဝိုင်ဘီအက်ကားတွေပါ မချန် စစ်တာ" လို့ ပြောပါတယ်။
ဒ့ါအပြင် ရန်ကုန်မြို့မှာ ဒီရက်ပိုင်းအတွင်း လူငယ်တွေကို ပစ်မှတ်ထားစစ်ဆေးတာ၊ ဖမ်းဆီးခေါ်ဆောင်သွားတာတွေ ဆက်တိုက်ဖြစ်နေတယ်လို့ မြို့နယ်အလိုက် တော်လှန်ရေးအဖွဲ့သတင်းထုတ်ပြန်ရေးအဖွဲ့တွေက အသိပေးထားပါတယ်။
စစ်ကောင်စီအနေနဲ့ ရှမ်း၊ ရခိုင်၊ မွန်၊ ကယား၊ ချင်း ပြည်နယ်တွေနဲ့ စစ်ကိုင်း၊ မကွေးတိုင်းတို့မှာ စစ်ရေးရင်ဆိုင်နေရသလို မြို့နဲ့စခန်း ဆုံးရှုံးမှုတွေ တိုးမြင့်လာနေတာဖြစ်ပါတယ်။
အဲဒီနောက် မန္တလေး၊ နေပြည်တော်တို့မှာ စစ်ရေးပြင်ဆင်ခဲ့သလို ရန်ကုန်မြို့မှာပါ လုံခြုံရေး တိုးမြှင့်တာတွေ လုပ်လာတာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ စစ်ဆေးမှုတွေ၊ အကြောင်းမဲ့ ဖမ်းဆီးမှဒတွေရှိလာတာကြောင့် ရန်ကုန်မြို့မှာ ည ၈ နာရီနောက်ပိုင်း အပြင်ထွက်သွားလာသူတွေ နည်းပါးလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။