စစ်ကိုင်းတိုင်း၊ ဆာလင်းကြီးမြို့နယ်၊ ကျားတက်ကျေးရွာ ရဲစခန်းက ရဲတပ်သား အယောက် ၃၀ ကျော် ထွက်ပြေးသွားတယ်လို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။
နိုဝင်ဘာ ၁၅ ရက်ညက ရဲတပ်သားတွေ ထွက်ပြေးသွားတာဖြစ်ပြီး နိုဝင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ရဲစခန်းကို နယ်မြေရှင်းလင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျားတက်ရဲစခန်းက ရဲတပ်သားတွေဟာ စခန်းသိမ်းတိုက်ခိုက်ခံရမှာစိုးတဲ့အတွက် ပုလဲမြို့နယ်ဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ အတူလိုက်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “သူတို့ ပုလဲဘက်ကို ရွှေ့သွားတယ်။ ဒီနေ့ နယ်မြေဝင်ရှင်းတော့ ဘယ်သူမှမရှိတော့ဘူး။ ပြည်သူတွေထဲက သူတို့သိမ်းထားတဲ့ ပစ္စည်းတွေကို ပြန်ယူပြီး ပြည်သူတွေကို ပြန်ပေးဖို့ စီစဉ်နေတယ်။ စခန်းဝင်းကိုတော့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထိန်းလိုက်ပြီ” လို့ ပြောပါတယ်။
ကျားတက်ရဲစခန်းက ဒေသခံတွေကို ပစ်ခတ်တာတွေ လုပ်ဆောင်တဲ့အတွက် ပြည်သူ ၁,၀၀၀ ကျော် တိမ်းရှောင်နေကြရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်ကလည်း ကျားတက်ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တဲ့အတွက် ရဲတပ်သား ၇ ယောက် သေဆုံးခဲ့ပါသေးတယ်။