ကိုကင်းဟာ ကိုလံဘီယာ မူးယစ်ဆေးဂိုဏ်းတွေရဲ့ ထိပ်တန်းတင်ပို့မှုဖြစ်နေဆဲပဲလို့ ကိုလံဘီယာ အမျိုးသားရဲဌာနရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကြီး နီကိုလက်စ်ဇာပါတာက ပြောကြားလိုက်ပါတယ်။
တရားမ၀င် မူးယစ်ဆေးဝါးလုပ်ငန်းဟာ ဆွဲဆောင်မှုရှိတဲ့ ရာဇဝတ်မှုဆိုင်ရာ ဝင်ငွေအဖြစ် ရှုမြင်ပြီး ဆက်လုပ်ဆောင်နေကြတာကြောင့် ကိုကင်းထုတ်လုပ်မှုအပေါ် ပစ်မှတ်ထား ဖမ်းဆီးမှုတွေ လုပ်ဖို့ သန္နိဋ္ဌာန် ချထားတယ်လို့ ပြောပါတယ်။
ကိုလံဘီယာမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ပြီးဆုံးသွားပြီလို့ ပြောတာဟာ အလိမ်အညာပါပဲလို့လည်း ရဲအရာရှိက ဆိုပါတယ်။
ဓာတုဆေးဝါးတွေ ရောက်ရှိလာခြင်းကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကလည်း ပြောင်းလဲနေတယ်လို့ ဗိုလ်ချုပ်ကြီး ဇာပါတာက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဓာတုဆေးဝါး ဖှန်တာနဲလ် သုံးစွဲမှု အရှိန်အဟုန် မြင့်တက်လာတာကြောင့် ကမ္ဘာ့ထိပ်တန်း ကိုကင်းထုတ်လုပ်တဲ့နိုင်ငံရှိ ကိုကင်းထုတ်လုပ်မှု ကျဆင်းလာတယ်လည်း ကိုလံဘီယာသမ္မတ ဂူစတာဗိုပီထရိုက ခန့်မှန်းထားပါတယ်။
ဖှန်တာနဲလ်ဟာ စျေးသက်သာပြီး၊ ထုတ်လုပ်ရ လွယ်ကူတဲ့အပြင် ထောက်ပံ့ပို့ဆောင်မှု လိုအပ်ချက်လည်း နည်းပါးတဲ့အတွက်ကြောင့် အနာဂတ်မှာ ကိုကင်းအစား ဖှန်တာနဲလ်ကို မူးယစ်ဆေးထုတ်လုပ်သူတွေ အာရုံစိုက်လာနိုင်မယ်လို့လည်း ခန့်မှန်းပြောဆိုပါတယ်။
နိုင်ငံမှာ နှစ်ပေါင်း ၆၀ နီးပါး ရှည်ကြာနေတဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကို ဆင်နွှဲနေကြတဲ့ လက်ဝဲယိမ်း ပြောက်ကျားတွေနဲ့ ရာဇ၀တ်ဂိုဏ်းတွေဟာ ကိုကင်းကနေ ငွေကြေးရရှိနေတာ ဖြစ်ပါတယ်။
သမ္မတ ပီထရိုက အမေရိကန်မှာ ဖှန်တာနဲလ်သုံးစွဲမှု မြင့်မားခြင်းနဲ့ ဥရောပ အပါအဝင် တခြားပထဝီဝင်ဒေသတွေဆီ ပျံ့နှံ့ချဲ့ထွင်သွားခြင်းကြောင့် ကိုကင်းထုတ်လုပ်မှုကို နှောင့်နှေးစေတယ်လို့ မကြာသေးခင်ကပဲ ပြောကြားခဲ့ပါတယ်။
နိုင်ငံရဲ့ တရားမ၀င် လက်နက်ကိုင်အဖွဲ့တွေဟာ ကိုကင်းစီးပွားရေးကို စွန့်လွှတ်လိုက်ကြတာကြောင့် ငြိမ်းချမ်းရေးအတွက် အခွင့်အလမ်းကို ဖွင့်ပေးနိုင်တယ်လို့လည်း ဆိုပါတယ်။
ကိုကင်းရဲ့ အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ ကိုကာသီးနှံ စိုက်ပျိုးမှုက ကိုလံဘီယာမှာ ၂၀၂၂ ခုနှစ်က ၂၃၀၀ စတုရန်း ကီလိုမီတာထိ စံချိန်တင်ရောက်ရှိခဲ့ပါတယ်
ဒါဟာ၂၀၂၁ ခုနှစ် ကထက် ၁၃ ရာခိုင်နှုန်း ပိုများလာပြီး ကိုကင်းထုတ်လုပ်နိုင်ခြေ အလားအလာကလည်း တနှစ်ကို ၁,၇၃၈ မက်ထရစ်တန်အထိ ၂၄ ရာခိုင်နှုန်းမြင့်တက်နေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုဆိုင်ရာရုံးမှ သိရပါတယ်။
ကိုလံဘီယာအစိုးရဟာ အခုနှစ်ကုန်ပိုင်းမှာ ကိုကာသီးနှံစိုက်ခင်း ၂၀၀ စတုရန်းကီလိုမီတာကို ဖျက်ဆီးပြီး ကိုကင်း ၈၃၄ တန်ကို စံချိန်တင်ဖမ်းဆီးရမိဖို့ မျှော်လင့်ထားပါတယ်။
Source/Photo - Reuters