ရှမ်းပြည်မြောက်ပိုင်းထဲက လောက်ကိုင်မြို့ကို မြောက်ပိုင်းမဟာမိတ်တပ်တွေက ဝန်းရံထားပြီး မြို့သိမ်းတိုက်ပွဲဖော်ဆောင်ဖို့ နီးကပ်လာပြီလို့ MNDAA ပြောခွင့်ရသူ လီကျားဝင်းက ဒီဗွီဘီကို ပြောပါတယ်။
“လောက်ကိုင်မြို့နယ်ကို ဝန်းရံထားနိုင်တဲ့ အခြေအနေ ရောက်ရှိလာပြီဆိုတော့ စစ်ဆင်ရေးဖော်ဆောင်ဖို့ အချိန်လည်း နီးလာပြီ။ တပ်ဖွဲ့ဝင်များအနေနဲ့ အောက်ပါအချက်တွေကို လိုက်နာရမယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်ဗျ။”
နိုဝင်ဘာ ၁၄ ရက် ညပိုင်းက ထုတ်ပြန်ချက်ထဲမှာ စစ်မြေပြင်စည်းကမ်းတွေကို လိုက်နာပြီး အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ ကျားဖြန့်လုပ်ငန်းတွေက ဖမ်းဆီးထားသူတွေကို ကယ်တင်ဖို့ ပါဝင်ပါတယ်။
ဒါ့အပြင် ကျားဖြန့်လုပ်ငန်းပိုင်ရှင်တွေကို ဖမ်းပြီး သက်ဆိုင်ရာ(တရုတ်) အပ်ဖို့အပြင် ထောက်ခံသူတွေကို တိုက်ခိုက်ချေမှုန်းဖို့နဲ့ တရားဝင်လုပ်ငန်းတွေ အကာအကွယ်ပေးဖို့လည်း ပါဝင်တယ်လို့ လီကျားဝင်းက ပြောပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ၊ လောင်းကစားလုပ်ငန်းတွေနဲ့ နာမည်ကြီးတဲ့ လောက်ကိုင်မြို့ထဲမှာလည်း စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေက အသင့်အနေအထား ပြင်နေကြပြီး မြို့အဝင်၊ အထွက်တွေကို ပိတ်ထားတယ်လို့ ဆိုပါတယ်။
“ဆိုင်တွေ ဇွတ်ဖွင့်ခိုင်းထားတယ်။ စျေးတွေ၊ ဘားတွေမှာ နေရာအများကြီး ယူထားတယ်” လို့ တရုတ်ဝိုင်ဖိုင် အသုံးပြုပြီး လောက်ကိုင်ဒေသခံတယောက်က သူသိထားတဲ့ အခြေအနေကို ပြောပြပါတယ်။
ပြည်တွင်းကနေ ကုန်စည်တွေပို့ဆောင်လို့ ခက်ခဲသွားတာကြောင့် လောက်ကိုင်မြို့ထဲ အခြေခံ စားနပ်ရိက္ခာတွေလည်း ဈေးအဆမတန် မြင့်တက်နေပြီး တရုတ်ကတော့ တရုတ်ဘက်၊ တချို့ကတော့ နီးစပ်ရာတွေကို တိမ်းရှောင်ကြသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ တပ်တွေဘက်ကတော့ ရှမ်းမြောက်တခွင်မှာ စစ်ကောင်စီတပ်ရဲ့ စခန်းပေါင်း ၁၆၀ နီးပါးအထိ သိမ်းပိုက်ထားနိုင်ပြီး နယ်စပ်မြို့တချို့ကိုလည်း ထိန်းချုပ်ထားပါတယ်။