အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းရှိ အစ္စလာမ္မစ် စစ်သွေးကြွ ဟားမတ်စ်အဖွဲ့ကို ချေမှုန်းနိုင်ခဲ့ပြီး ဂါဇာမြို့လယ်ကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ် ဂါလန့်ထ်က နိုဝင်ဘာ ၁၄ ရက်မှာ ပြောပါတယ်။
အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာမြို့တော်ရှိ အယ်လ်ရှီဖာ ဆေးရုံကို ဝိုင်းရံထားပြီး အဲဒီဆေးရုံဟာ ဟားမတ်စ် စစ်သွေးကြွအဖွဲ့တွေ ရုံးစိုက်ထားတဲ့ မြေအောက်ဌာနချုပ်တခုရဲ့ အပေါ်မှာ ရှိနေတာလို့ သူတို့က ဆိုပါတယ်။
ဂါဇာမှာအုပ်ချုပ်နေတဲ့ အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်ကတော့ တိုက်ခိုက်ရေးသမားတွေ ရှိနေကြောင်းကို ငြင်းဆိုထားပြီး စနိုက်ပါသမားတွေနဲ့ ဒရုန်းတွေ အဆက်မပြတ် ပစ်ခတ်မှုအောက်မှာ လူနာ ၆၅၀ နဲ့ တခြား အရပ်သား ၅,၀၀၀ မှ ၇,၀၀၀ ကြား ဆေးရုံဝင်း ကွင်းပြင်ထဲမှာ ပိတ်မိနေတယ်လို့လည်း ဆိုပါတယ်။
လတ်တလောရက်ပိုင်းအတွင်းမှာ မွေးချိန်မတန်သေးဘဲ စောပြီး မွေးဖွားလာတဲ့ မွေးကင်းစ ကလေးငယ် ၃ ဦး အပါအဝင် လူနာပေါင်း ၄၀ ဦး သေဆုံးခဲ့ပါတယ်။
ဟားမတ်စ် စစ်သွေးကြွတွေဟာ အောက်တိုဘာ ၇ ရက်က ဝန်းရံထားတဲ့ ခြံစည်းရိုးကို ဖြတ်ကျော်ပြီး အစ္စရေးမြို့တွေကို တိုက်ခိုက်ခဲ့ပြီးနောက်မှာ ဟားမတ်စ်တွေကို အပြီးတိုင် ချေမှုန်းပစ်မယ်လို့ အစ္စရေးက ကတိပြုခဲ့ပါတယ်။
၇၅ နှစ်တာ ကာလအတွင်း လူပေါင်း ၁,၂၀၀ သေဆုံးပြီး ၂၄၀ လောက်ကို ဓားစာခံအဖြစ် ဂါဇာကို ခေါ်ဆောင်သွားခဲ့ကြောင်း အစ္စရေးက ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ လူနေထူထပ်တဲ့ ဂါဇာကမ်းမြောင်ကို အလုံးစုံ ပိတ်ဆို့ဝိုင်းရံထားပြီး အဆက်မပြတ် ဗုံးကြဲချတာ အပါအဝင် အစ္စရေးရဲ့ တုံ့ပြန်မှုကြောင့် ထောင်နဲ့ချီတဲ့ အရပ်သားတွေပါ သေဆုံးခဲ့ရပြီး ကမ္ဘာတဝန်းရှိ နိုင်ငံတွေကို ထိတ်လန့်စေခဲ့ပါတယ်။
တိုက်ခိုက်ရေးသမားတွေက အရပ်သားတွေကြားမှာ ပုန်းအောင်းနေတာကြောင့် အရပ်သားတွေ ထိခိုက်နစ်နာမှုအတွက် ဟားမတ်စ်ကို အပြစ်တင်ရမှာဖြစ်ကြောင်း အစ္စရေးက ပြောကြားခဲ့ပြီး ဟားမတ်စ်ကတော့ ငြင်းဆိုထားပါတယ်။
Source/Photo-Reuters