Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် ဝါးရွက်ဝါးပင် ဆေးဖက်ဝင်
DVB
·
November 15, 2023

ခရီးတာ မဝေးလှပြီမို့ အားတင်းကာ ရှေ့ကိုလျှောက် မကြာမီ ခရီးပေါက်ချေတော့မည်။ နွေဦးပြည်သူတို့ ကိုယ်စီကိုယ်ငှ ကျန်းကျန်းမာမာ ပါဝင်ဆင်နွှဲနိုင်ဖို့ လက်လှမ်းမီဆေးပညာက ဖေးကူလို့ အတူနွှဲ မျှဝေလက်တွဲ ခရီးဆက်ကြပါစို့။

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ဝါးရွက်ဝါးပင်ဆေးဘက်ဝင် အကြောင်းကို တင်ပြလိုက်ပါတယ်။ ဝါးပင်ရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ မျှစ်ကို ဟင်းလျာအဖြစ် ချက်ပြုတ်စားသောက်ကြပါတယ်။

မျှစ်စိမ်းမှာ စွမ်းအင်၊ ရေ၊ ပရိုတိန်း၊ အမျှင်ဓာတ်၊ သကြား၊ ပိုတက်ဆီယမ်၊ ဖော့စဖရပ်၊ ကယ်လ်စီယမ်၊ ဗီတာမင်စီ စတဲ့ အာဟာရများ (ဝါးအမျိုးအစားအလိုက်) ပါဝင်ကြပါတယ်။

မျှစ်မှာ antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) ပမာဏ မြင့်မားပြီး polyphenols ပါဝင်မှုကြောင့် သွေးတွင်းအဆီကို လျော့ကျစေခြင်း၊ သွေးပေါင်ချိန်ကို ကျဆင်းစေခြင်း၊ အစာစားချင်စိတ်ကို တိုးစေခြင်း၊ သွေးတွင်းသကြားဓာတ်ပမာဏကို လျှော့ချပေးပြီး၊ ဆီးချိုရောဂါ ဆန့်ကျင်ဂုဏ်သတ္တိများ ပါရှိခြင်း၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါများ၊ သွေးတိုးရောဂါ၊ အဝလွန်ခြင်း၊ ကင်ဆာကို ဆန့်ကျင်ခြင်းနှင့် ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း၊ အချို့သော အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ချို့ယွင်းမှုများကို ပြုပြင်ပေးခြင်း၊ ကိုယ်တွင်းခုခံအားစနစ်ကို ကောင်းမွန်စေခြင်း၊ ရောင်ရမ်းခြင်းကို လျော့ကျစေခြင်း၊ ဇီဝပိုးမွှားများကို သေစေခြင်းနှင့် အာရုံကြောကို ကောင်းမွန်စေခြင်း စတဲ့စွမ်းရည်များ ပါဝင်ပါ တယ်။

ဝါးပင်၏ အမြစ်၊ အစေ့၊ အရွက်၊ အရည်နှင့် အစရှိသော အစိတ်အပိုင်း အားလုံးနီးပါးကို ဒဏ်ရာ၊ ဖျားနာခြင်း၊ အရေပြားပိုးဝင်ခြင်း၊ သွားဖုံး၊ အဆစ်နာခြင်းနှင့် အခြား များစွာသော ဒဏ်ရာများကို ကုသရန် ဆေးဘက်မှာ အသုံးပြုပါတယ်။ ဝါးဟာ အဆုတ်၊ အစာအိမ်၊ အရိုးနှင့် အရေပြားဆိုင်ရာ ပြဿနာများ၊ ဒဏ်ရာများနှင့် ဦးနှောက်နှင့် အာရုံကြောစနစ်ရှိ အိုမင်းရင့်ရော်မှု ဖြစ်စဉ်ကို နှေးကွေးစေကာ အယ်လ်ဇိုင်းမားနှင့် ပါကင်ဆန်ရောဂါကဲ့သို့သော အာရုံကြောဆိုင်ရာရောဂါများ ဖြစ်နိုင်ခြေနှင့် ပြင်းထန်မှုတို့ကို လျှော့ချပေးနိုင်တဲ့ စွမ်းရည်များ ပါဝင်ပါတယ်။

ဝါးလုံးအတွင်းမှ ဝါးရေမှာ အသုံးဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း အများအပြား ပါဝင်ပြီး စီလီကာပါဝင်မှု မြင့်မားတဲ့အတွက် ကော်လာဂျင်ထုတ်လုပ်မှုကို မြှင့်တင်ပေးခြင်းဖြင့် အရေးအကြောင်းများကို တားဆီးပေးပြီး သင့်အသားအရေ၊ ဆံပင်နှင့် အရိုးကျန်းမာရေးကို ကောင်းစွာထိန်းသိမ်းပေးနိုင်ပါတယ်။ သွေးတွင်းအဆီကို သိသိသာသာ လျော့ကျစေကာ လေဖြတ်ခြင်းနှင့် အခြားသော နှလုံးသွေးကြောဆိုင်ရာ ရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ ဝါးရေဟာ ဘက်တီးရီးယားအမျိုးမျိုးမှ ကာကွယ်ပေးပြီး ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေတဲ့အပြင် သာမန်အအေးမိခြင်းနှင့် တုပ်ကွေး အပါအဝင် ရောဂါများကို ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဝါးရေ ဖန်ခွက် ၁ ခွက် တပတ် ၃-၅ ကြိမ် သောက်သုံးနိုင်ပါတယ်။

ဝါးရွက်မှာ အရေးပါတဲ့ အာဟာရဓာတ်တခုဖြစ်တဲ့ ဆီလီကာ ပါဝင်တာကြောင့် ဝါးရွက်ကို လက်ဖက်ခြောက်ပြုလုပ်၍ ရေနွေးကြမ်းသောက်ပေးခြင်းဖြင့် အစာခြေစနစ်မှာ အလူမီနီယမ် စုပ်ယူမှုကို တားဆီးပေးတာကြောင့် အစာအိမ်ရောင်ရမ်းခြင်း၊ ဗိုက်အောင့်ခြင်းနှင့် ဝမ်းချုပ်ခြင်းကို သက်သာစေပြီး လိပ်ခေါင်းရောဂါ ခံစားဝေဒနာရှင်များအတွက် ဝမ်းကို ကောင်းကောင်းမွန်မွန် သွားစေပါတယ်။

ဒါ့အပြင် ဝါးရွက်မှာ အလွန်တန်ဖိုးရှိတဲ့ အဆိပ်ဖြေဆေးများဖြစ်တဲ့ benzoic နှင့် hydrocyanic acid စတဲ့ ဒြပ်ပေါင်းများ ပါဝင်တဲ့အတွက် အသည်းနှင့် ကျောက်ကပ်တို့မှ မလိုအပ်တဲ့ အဆိပ်အတောက်များနှင့် သတ္တုဓာတ်များ အလွန်အကျွံ စုပုံလာမှုကို ခန္ဓာကိုယ်ပြင်ပသို့ သန့်စင်ပေးပါတယ်။ ဝါးလက်ဖက်ရည်ကို ပုံမှန်သောက်ပေးခြင်းဖြင့် ကျန်းမာရေးနှင့် ညီညွတ်စေပါတယ်။

ဝါးရွက်ကို အမှုန့်ပြုလုပ်ပြီး သံလွင်ဆီအနည်းငယ်နှင့် ပျားရည်အနည်းငယ်ရောစပ်ပြီး အသားအရေကို ပုံမှန်လိမ်းပေးခြင်းဖြင့် ဝက်ခြံ၊ ယားယံခြင်းနှင့် အရေပြား အစက်အပြောက်များကို ကင်းဝေးစေပြီး အသားအရေကို ချောမွေ့စေပါတယ်။

ဝါးရွက်မှာ ဘက်တီးရီးယားပိုးများစွာကို ဆန့်ကျင်တဲ့ ပဋိဇီဝဆေးအာနိသင်များလည်း ပါဝင်ပါတယ်။

ဝါးရွက်မှာ နာကျင်မှုကို သက်သာစေတဲ့၊ စတီးရွိုက်မဟုတ်တဲ့ အကိုက်အခဲပျောက်ဆေးများ ပါရှိတဲ့အတွက် အဆစ်များ နာကျင်ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။

ဝါးရွက်ဟာ သွေးခဲခြင်းကို တိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် ပုံမှန်သောက်ပေးရင် သွေးခဲခြင်းကို ကာကွယ်ပေးနိုင်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့ ဓာတ်ပေါင်းများစွာ ပါဝင်တဲ့အတွက် ဆီးချိုဝေဒနာရှင်များ အစာစားပြီးနောက် ဝါးရွက် ရေနွေးကြမ်းသောက်ခြင်းဖြင့် သွေးတွင်းသကြားဓာတ်ပမာဏကို လျော့ကျစေပါတယ်။ ဝါးရွက်မှာ ကြွက်သားများကျုံ့ခြင်းကို ဟန့်တားနိုင်တဲ့ antispasmodic ဂုဏ်သတ္တိများ အများအပြား ပါဝင်တဲ့အတွက် ကြွက်သားများကို ပြေလျော့စေပါတယ်။

ဝါးရွက်ရေနွေးကြမ်းကို မနက်အိပ်ရာထ ၁ ကြိမ်၊ ညအိပ်ရာမဝင်မီ ၁ ကြိမ် သောက်ပေးခြင်းဖြင့် Antioxidant ဓာတ်တိုးဆန့်ကျင်အားကောင်းတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပြီး ကင်ဆာအကျိတ်များ ကြီးထွားမှုကို တားဆီးပေးနိုင်စွမ်း ရှိပါတယ်။

ဝါးရွက်ရေနွေးကြမ်းကို ပျားရည်နှင့်ရောစပ်ပြီး ပုံမှန်သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်တွင်းရှိ ကပ်ပါးပိုးများကို ဖယ်ရှားနိုင်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း၊ လည်ချောင်းနာခြင်း၊ ပန်းနာရင်ကြပ်နှင့် အဆုတ်ရောဂါများကို သက်သာစေပါတယ်။

ဝါးရွက်ရေနွေးကြမ်းကို သောက်သုံးခြင်းဟာ အမျိုးသမီးများမှာ ရာသီသွေး ပုံမှန်ဖြစ်စေရုံသာမက ရာသီလာချိန်နှင့် ဆက်စပ်နေတဲ့ ခါးနာခြင်းနှင့် ဗိုက်အောင့်ခြင်းများကိုလည်း သက်သာစေပါတယ်။ ဝါးရွက်ဟာ အမျိုးသားလိင်ပိုင်းဆိုင်ရာ စွမ်းအားကိုလည်း တိုးမြင့်စေပါတယ်။ သွေးတွင်းအဆီကို လျှော့ချခြင်းဖြင့် သွေးကြောများအတွင်း ကျန်းမာရေးနှင့် မညီညွတ်တဲ့ အနည်အနှစ်များကို ဖယ်ထုတ်ပြီး သွေးဖိအားကို လျှော့ချပေးကာ နှလုံးကို သန်စွမ်းစေပါတယ်။ ရောဂါပိုးမွှားများကို ကာကွယ်ပေးပြီး ခန္ဓာကိုယ် ခုခံအားကိုလည်း အားကောင်းစေပါတယ်။

ဝါးရွက်မှာပါတဲ့ စီလီကာဟာ ဦးနှောက်ဆဲလ်များကို အိုမင်းရင့်ရော်မှုနှင့် ဦးနှောက်လုပ်ဆောင်ချက် ယိုယွင်းမှုကို အရှိန်မြန်စေသည့် ဖရီးရယ်ဒီကယ်များကို ကာကွယ်ပေးတဲ့အတွက် သက်ကြီးရွယ်အိုများမှာ မှတ်ဉာဏ်ချို့ယွင်းမှုကိုဖြစ်စေတဲ့ အယ်လ်ဇိုင်းမားရောဂါကို တားဆီးကာကွယ်ပေးနိုင်ပါတယ်။ ဝါးရွက်မှာပါတဲ့ စီလီကာဟာ ခန္ဓာကိုယ်က အရိုးနဲ့ သွားတွေကို သန်မာစေဖို့အတွက် အရေးကြီးတဲ့ ကယ်လ်စီယမ်ဓာတ်ကို စုပ်ယူနိုင်တဲ့အတွက် ခန္ဓာကိုယ်ကို အရိုးကျိုးခြင်းမှ ကာကွယ်ပေးပြီး သွားများ အပေါက်ဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်စေပြီး အာရုံကြောများကို အားကောင်းစေကာ စိတ်ကို ပြေလျော့စေပါတယ်။

ဆီးအိမ်ပိုးဝင်ခြင်း၊ ဆီးသွားစဉ် နာကျင်ခြင်းနှင့် ကျောက်ကပ်ရောဂါတို့အတွက် ဝါးရွက်ပြုတ်ရည် ရေနွေးကြမ်း ၁ ခွက်စာကို ပျားရည်အနည်းငယ် ရောစပ် သောက်ပေးခြင်းဖြင့် နာကျင်မှုနှင့် ပူလောင်တဲ့ဝေဒနာကို သက်သာစေပါတယ်။

ဆံပင်နှင့် လက်သည်းများ ကြီးထွားမှုအတွက် အရေးပါတဲ့ Silica၊ Biotin နှင့် Tocopherol ဒြပ်ပေါင်းများ ကြွယ်ဝစွာ ပါဝင်တာကြောင့် ဝါးလက်ဖက်ရည်ကို နေ့စဥ် သောက်သုံးပေးခြင်းဖြင့် ဆံပင်နှင့် လက်သည်းများ ကြီးထွားမှုကို မြှင့်တင်ပေးပြီး သဘာဝအတိုင်း ကျန်းမာ တောက်ပြောင်စေပါတယ်။

ဝါးရွက်မှာ ဒဏ်ရာများကို ကျက်စေတဲ့ ဒြပ်ပေါင်း ပါဝင်တဲ့အတွက် ထိခိုက်ပေါက်ပြဲနာများမှာ ဝါးရွက်စိမ်း လတ်လတ်ဆတ်ဆတ်ကို သေချာထုထောင်းပြီး အုံပေးခြင်းဖြင့် အနာကျက်မြန်စေပါတယ်။

ကိုယ်ဝန်ဆောင်မိခင်များ မီးမဖွားမီ နောက်ဆုံးသုံးလအတွင်း ဝါးရွက်ရေနွေးကြမ်း သောက်ခြင်းဟာ ကလေး၏ဖွံ့ဖြိုးမှုကို အထောက်အကူပေးရုံသာမက ကလေးမွေးဖွားမှု လွယ်ကူစေရန် ကူညီပေးတဲ့အပြင် သွေးအလွန်အကျွံထွက်ခြင်းကို လျှော့ချပေးပြီး အချင်းကျခြင်းကို လွယ်ကူစေပါတယ်။

နှာခေါင်းသွေးယိုခြင်းအတွက် ဝါးမြစ်သွေးရည်ကို နှာခေါင်းထဲ ထည့်ပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

အဖျားရောဂါများအတွက် ဝါးအမြစ်သွေးရည် ဟင်းစားဇွန်း ၁ ဇွန်း သို့မဟုတ် ဝါးရွက်ပြုတ်ရည် ရေနွေးကြမ်းပန်းကန် တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးခြင်းဖြင့် အဖျားကျစေပြီး ခန္ဓာကိုယ် ကိုက်ခဲခြင်းကိုလည်း သက်သာစေပါတယ်။

ထိခိုက်ဖူးရောင် ဒဏ်ရာတွေမှာ ဝါးလုံးစိမ်းကို မီးကင်ပြီး ခံနိုင်လောက်တဲ့ အပူနဲ့ ဒဏ်ရာကို ကပ်ပေးပါက ရောင်ရမ်းနာကျင်မှုကို လျင်မြန်စွာ သက်သာစေပါတယ်။

ဝါး၏ ဘေးထွက်ဆိုးကျိုးများ

မျှစ်မှာ ဟိုက်ဒရိုဂျင်ဆိုင်ယာနိုက်နဲ့ ဆင်တူတဲ့ အာဟာရဆန့်ကျင်ဓာတ်ပစ္စည်း (cyanogens) ပါဝင်တဲ့အတွက် မျှစ်ကို အလွန်အကျွံစားသုံးခြင်းဟာ ဆိုင်ယာနိုက်အဆိပ် သင့်စေနိုင်ပါတယ်။ tannins၊ oxalate နဲ့ heavy metals ကဲ့သို့သော အဆိပ်များပါဝင်ပြီး ပန်ကရိယ၊ ဗဟိုအာရုံကြောစနစ်နဲ့ သိုင်းရွိုက်ဂလင်းတို့ကို ပျက်စီးစေနိုင်တဲ့အတွက် မျှစ်ကို အလွန်အကျွံ မစားသုံးသင့်ကြောင်း သတိပေး ဖော်ပြလိုက်ပါတယ်။ ကျောက်ကပ်ရောဂါရှိသူများ မျှစ်ဟင်းလျာများ စားသောက်ခြင်းကို ရှောင်ပါ။

တော်လှန်မိဘပြည်သူများ ဝါးတပင်လုံး ဆေးအသုံးကို ကောင်းစွာသိရှိပြီး လိုအပ်သလို စနစ်တကျ ရယူသုံးစွဲနိုင်စေဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

ပန်းတိုင်ကလည်း မဝေးတော့ပြီမို့ မကြာခင်မှာ ပြန်ဆုံကြဖို့ အလေးအနက် မျှော်လင့်ပါတယ်။

သာဇဏ် (CDM တိုင်းရင်းဆေးပညာရှင် ကျန်းမာရေးဝန်ထမ်း)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024