မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၄,၁၈၄ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၅,၄၀၇ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူ တွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။
တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်း သိမ်းခံနေရသူ အရေအတွက်ကတော့ ၁၂၀ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချ မှတ်ခံထားရသူ ၄၃ ယောက်အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၃ ယောက် ရှိလာ ခဲ့ပြီ ဖြစ်ပါတယ်။
လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၅,၇၂၇ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
အေအေပီပီ မှတ်တမ်းနှင့် သုတေသနဌာနက စောင့်ကြည့်လေ့လာမှုအရ ပြီးခဲ့တဲ့ နိုဝင် ဘာ ၁ ရက်ကနေ ၁၄ ရက်အထိ နှစ်ပတ်တာအတွင်း နိုင်ငံတဝန်း အကြမ်းဖက် စစ် အုပ်စုကြောင့် အမျိုးသမီး ၁၈ ယောက်နဲ့ အမျိုးသား ၂၃ ယောက်၊ စုစုပေါင်း ၄၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဲဒီထဲမှာ လက်နက်ကြီးကျည်ကြောင့် သေဆုံးသူ အရေအတွက်မှာ ၂၇ ယောက်နဲ့ အများဆုံးဖြစ်ပြီး ရှမ်းပြည်နယ်မှာ ၈ ယောက်နဲ့ အများ ဆုံး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် နှစ်ပတ်တာကာလအတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး ၈ ယောက်နဲ့ အမျိုးသား ၉ ယောက် စုစုပေါင်း ၁၇ ယောက်ကို ဖမ်းဆီးခဲ့ပြီး မန္တလေး တိုင်းမှာ ၆ ယောက်နဲ့ ဖမ်းဆီးခံရမှု အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါကာလအတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ တရားရုံးတွေ က မတရားပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံရပြီး လက်ရှိ အကျဉ်းထောင်တွေထဲမှာ ထိန်း သိမ်းခံနေရသူကတော့ ၉ ယောက်ရှိနေတယ်လို့ အေအေပီပီက ပြောပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။