Home
မြန်မာသတင်း
မြန်မာသို့ ခရီးသွားသတိပေးချက် ယူကေ ထုတ်ပြန်၊ မြန်မာတွင် ပဋိပက္ခများပိုဖြစ်လာနိုင်ဟု ICG ပြော
DVB
·
November 14, 2023

စစ်မီးတောက်လောင်နေတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ယူကေနိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးက နိုင်ငံသားတွေအတွက် ခရီးသွား အကြံပြုချက်ထုတ်ပြန်လိုက်ပြီး အဲဒီထဲမှာတော့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ တိုင်းနဲ့ ပြည်နယ်အများစုကို အန္တရာယ်ရှိ အနီရောင်အဆင့် သတ်မှတ်ထားပါတယ်။

နိုဝင်ဘာ ၁၀ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယား(ကရင်နီ)ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းဒေသတွေ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မြိတ်မြို့နယ်၊ ကျွန်းစုတွေနဲ့ တောင်ပိုင်းမြို့နယ်တွေကလွဲလို့ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းမြောက်ပိုင်း (မန္တလေးမြို့ မြောက်ဘက် မြို့နယ်တွေနဲ့ ပြင်ဦးလွင်မြို့) တွေကို အန္တရာယ်ရှိ အနီရောင်အဆင့် တားမြစ်ဒေသတွေအဖြစ် သတ်မှတ်ထားတာပါ။

ဒါ့အပြင် ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်း၊ မန္တလေးနဲ့ တောင်ပိုင်း တနင်္သာရီဒေသ၊ စစ်တွေခရိုင်အပါအဝင် ရခိုင်ပြည်နယ် အလယ်ပိုင်းဒေသတွေကိုလည်း မရှိမဖြစ် လိုအပ်တဲ့ ခရီးသွားလာမှုတွေက လွဲလို့ သွားလာဖို့ မသင့်ဘူးလို့လည်း အကြံပြုထားပါတယ်။

လတ်တလော မြန်မာနိုင်ငံရဲ့ လုံခြုံရေးအခြေအနေက ကြိုတင်မှန်းဆလို့မရဘဲ အချိန်မရွေး ပြောင်းလဲသွားနိုင်တာကြောင့် နောက်ထပ်သတိပေးချက်တစုံတရာ ထုတ်ပြန်မလာမချင်း သတိထားနေထိုင်ဖို့လည်း သတိပေးထားပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကတည်းက မြန်မာနိုင်ငံအနှံ့မှာ လက်လုပ်ဗုံးနဲ့ တိုက်ခိုက်မှုတွေအပါအဝင် ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ အဲဒီအကြုံပြုချက်က ဆိုပါတယ်။ 

ကရင်၊  ကရင်နီ (ကယား)၊ ကချင်၊ ချင်း၊ မွန် ၊ ရခိုင်နဲ့  ရှမ်းပြည်နယ် တိုင်းရင်းသားဒေသတွေ အားလုံးလိုလိုမှာ တိုက်ပွဲတွေဖြစ်ပွားနေချိန်မှာ ယူကေနိုင်ငံက အခုလို ခရီးသွားကြေညာချက် ထုတ်ပြန်လိုက်တာပါ။

ရခိုင်ပြည်နယ်မှာ နိုဝင်ဘာ ၁၃ ရက်က တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် ပဋိပက္ခတွေပိုတိုးလာ နိုင်တယ်လို့ နိုင်ငံတကာ ပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေး ရစ်ချက်ဟော်ဆေးက ပြောပါတယ်။

ရခိုင်မှာ တိုက်ပွဲတွေဆက်ရှိနေမယ်ဆိုရင် နိုင်ငံအရှေ့ပိုင်းက တရုတ်နယ်စပ်ဒေသအပါအဝင် နေရာနှံ့အပြားမှာ တိုက်ပွဲတွေနဲ့ ရင်ဆိုင်နေရတဲ့  စစ်အာဏာရှင်အတွက်တော့  အရေးပါတဲ့ စစ်မျက်နှာသစ်တခု ဖွင့်လှစ်ရမှာဖြစ်တယ်၊ စစ်ကောင်စီတပ်ဟာ အေအေတပ်တွေအ တော်များများနဲ့ တိုက်ခိုက်နေရပြီး ရခိုင်ပြည်နယ်တဝန်းမှာ ခရီးသွားလာမှုတွေကိုလည်း ပိတ်ထားတယ်၊ အဓိကအခက်အခဲက ရှမ်းမြောက်မှာ တော်လှန်ရေးတပ်တွေ ရဲ့ တိုက်ခိုက်မှုနဲ့အတူ စစ်ကောင်စီတပ်တွေအားနည်းမှုနဲ့ အဓိကရင်ဆိုင်နေရပြီး   ရှေ့တန်း စစ်မျက်နှာအားလုံးမှာ အာရုံစိုက်ဖို့  ခက်ခဲသွားစေလိမ့်မယ်လို့လည်း ရစ်ချက်ဟော်ဆေးက ပြောပါတယ်။

ရန်ကုန်နဲ့ နေပြည်တော်တို့အပါအဝင် တိုက်ခိုက်မှုတွေထဲမှာတော့ အဓိကအားဖြင့် စစ်ကောင်စီ အဆောက်အအုံတွေ၊ စစ်ဆေးရေးဂိတ်တွေလို၊ ဒါမှမဟုတ် သူတို့နဲ့ ဆက်စပ်နေတဲ့ နေရာတွေနဲ့ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေကို အဓိကပစ်မှတ်ထားတိုက်ခိုက်‌မှုတွေပါဝင်ပေမဲ့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေနဲ့ ကုန်တိုက်တွေလို နိုင်ငံခြားသားတွေ မကြာခဏ လာရောက်လေ့ရှိတဲ့ နေရာတွေ အပါအဝင် အရပ်သားတွေကို ထိခိုက်မှုတွေရှိနိုင်မယ်လို့ ယူကေသံရုံးက  ဆိုပါတယ်။

ဒါကြောင့်မို့ မြန်မာနိုင်ငံကို မသွားမီကတည်းက မြန်မာနိုင်ငံဝင်ဖို့ လိုအပ်ချက်တွေနဲ့ တားမြစ်ချက်တွေကို အရင်လေ့လာသင့်တယ်လို့ ဆိုပါတယ်။ အဲဒီအချက်တွေဟာ အချိန်မရွေးပြောင်းလဲနိုင်တာကြောင့် နောက်ဆုံးထုတ်ပြန်ထားတဲ့ အချက်အလက်တွေကို သိရှိနေအောင်လုပ်ဖို့၊ ကိုယ့်ရဲ့ခရီးကို စီစဉ်ပေးတဲ့သူနဲ့ အဆက်အသွယ် မပြတ်စေဖို့ အကြံပြုထားပါတယ်။ 

ယူကေတိုက်ရိုက်မဟုတ်ဘဲ ကြားခံနိုင်ငံတခုကနေ တဆင့်ပြန်ရမယ်ဆိုရင်လည်း သက်ဆိုင်ရာ နိုင်ငံအတွက် ထုတ်ပြန်ထားတဲ့ ခရီးသွားအကြံပြုချက်ကို လေ့လာထားပါလို့ ဆိုပါတယ်။

အခုချိန်မှာ ခရီးသွားအာမခံဟာလည်း ခါတိုင်းထက်ပိုအရေးကြီးတာကြောင့် ခရီးသွား အာမခံမှာ လိုအပ်တဲ့အချက်တွေ ပါမပါစစ်ဆေးဖို့နဲ့ ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယ ရုံးက ထုတ်ပြန်ထားတဲ့ နိုင်ငံခြားခရီးသွားအာမခံလမ်းညွှန်ကို ဖတ်ကြည့်ဖို့ တိုက်တွန်း ထားပါတယ်။

မြန်မာနိုင်ငံအနှံ့မှာ လေကြောင်းတိုက်ခိုက်မှု၊ အဝေးပစ်လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုတွေ၊ လက်နက်ကိုင်တိုက်ပွဲတွေ ရှိနေသလို မြေမြှုပ်မိုင်းထောင်ထားတာတွေလည်း ရှိနေပြီး မြို့တွေမှာ နေ့စဉ်ဘဝကို သာမန်လို ဖြတ်သန်းနေကြပေမဲ့ လက်နက်ကိုင်အဖွဲ့ တချို့ကတော့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ ဖောက်ခွဲမှုတွေလုပ်ဖို့ ကြိုးစားနေကြမှာပဲလို့ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် ရန်ကုန်၊ နေပြည်တော်၊ ပဲခူး၊ ဧရာဝတီ၊ ဒါမှမဟုတ် ရခိုင်ပြည်နယ် တောင်ပိုင်း ဒေသတွင်းမှာ ရှိနေခဲ့ရင်လည်း အမြဲတမ်းသတိထားဖို့၊ ဒေသခံတွေရဲ့ အကြံပေးချက်တွေကို ရယူဖို့၊ သက်ဆိုင်ရာဒေသအလိုက် တားမြစ်ချက်တွေကို သိအောင်လုပ်ဖို့ အကြံ ပေးထားပါတယ်။ 

မြန်မာနိုင်ငံမှာ အချိန်မရွေး အဖမ်းခံရနိုင်တဲ့ အန္တရာယ်ရှိပြီး အဲဒီလိုအဖမ်းခံခဲ့ရရင်လည်း တရားရင်ဆိုင်ရတဲ့ လုပ်ငန်းစဉ်တွေက နိုင်ငံတကာစံချိန်စံညွှန်းထက်နိမ့်ကျတယ်လို့ ဖော်ပြထားပါတယ်။ ဘာမဟုတ်တဲ့ အသေးအဖွဲလေးကအစ ဖမ်းစရာ အကြောင်းပြချက် ဖြစ်သွားနိုင်ပြီး မြန်မာနိုင်ငံဟာ နိုင်ငံနှစ်နိုင်ငံမှာ နိုင်ငံသားပြိုင်တူ ဖြစ်ခွင့်ကို လက်မခံဘူးလို့လည်း ဆိုပါတယ်။ 

မြန်မာနိုင်ငံက အာဏာသိမ်းစစ်ကောင်စီဟာ အလွတ်တန်း သတင်းထောက်လုပ်ငန်းနဲ့ ပတ်သက်တဲ့ လုပ်ဆောင်မှုအမျိုးမျိုးအပေါ် အလွန်သံသယများပြီး အမှားမခံဘူးလို့ ဖော်ပြထားပါတယ်။ 

မြန်မာနိုင်ငံရဲ့ ဘဏ်စနစ်အတော်များများဟာလည်း ပြိုလဲနေပြီး ဘဏ်တွေ အမြောက်အမြား ပိတ်ထားရသလို အချို့ အေတီအမ် ငွေထုတ်စက်တွေမှာလည်း ငွေထုတ်လို့ မရနိုင်ဘူးလို့ ဆိုပါတယ်။ ကတ်စနစ်နဲ့ ငွေပေးချေမှုတွေ ဆောင်ရွက်နိုင်ပေမယ့် ကိုယ် ပေးချေမယ့်နေရာမှာ ရ၊ မရကိုတော့ ကြိုတင်သေချာအောင်မေးထားသင့်တယ်လို့  ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ကြုံတွေ့ရနိုင်တဲ့ အခြေအနေတွေ၊ တိုက်ပွဲတွေအခြေအနေ၊ သယ်ယူပို့ဆောင်ရေး၊ တယ်လီဖုန်းနဲ့ အင်တာနက်ကွန်ရက်ဆိုင်ရာ ဆက်သွယ်ရေးအခြေအနေ၊ ကျန်းမာရေးဆိုင်ရာနဲ့ သဘာဝဘေးအန္တရာယ်တွေအကြောင်း၊ ငွေကြေးဆိုင်ရာ သတင်းအချက်အလက်တွေနဲ့ ခရီးသွားစဉ် လိုအပ်ပါက ဘယ်လိုမျိုး အကူအညီ ရယူနိုင်မယ်ဆိုတာတွေကိုလည်း ယူကေအစိုးရဲ့ အကြံပြုချက်မှာ ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024