ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ မုံးကိုးမြို့နယ်က စစ်ရေးဗျူဟာအရ အချက်အချာကျတဲ့ လွယ်ဂျုံစစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာ ၁၃ ရက် မနေ့ နေ့လယ် ၁၂ နာရီလောက်မှာ MNDAA က သိမ်းလိုက်ကြောင်း MNDAA ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အဲဒီ လွယ်ဂျုံတောင်စစ်စခန်းဟာ စစ်ရေးအရ အချက်အချာကျပြီး မုံးကိုးမြို့နယ်ရှိ အမြင့်ဆုံးတောင်တလုံး ဖြစ်တယ်လို့ မုံးကိုးမြို့ခံက ပြောပါတယ်။
“ရှေးကတည်းက ဒီနေရာမှာ စစ်တပ်စခန်း အခြေချနိုင်ရင် ဘယ်လိုပစ်ပစ် အချက်အချာကျတယ်။ မုံးကိုးနဲ့ ပန်ဆိုင်း (ကြူကုတ်) ကြား တကြောက အကြီးဆုံး အမြင့်ဆုံးတောင်။ မြူတွေဆိုင်းနေရင် လေယာဉ်တောင် တောင်ထိပ်ထိ မရောက်နိုင်ဘူး” လို့ မုံးကိုးမြို့ခံတဦးက ပြောပါတယ်။
မုံးကိုးမြို့အဝင်က ကောင်းဂွေရွာအနီးမှာလည်း နိုဝင်ဘာ ၁၂ ရက်ကတည်းက နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေခဲ့တာဖြစ်ပြီး လွယ်ဂျုံတောင်ကိုတော့ မနေ့မနက်က သိမ်းယူနိုင်ခဲ့တာလို့ MNDAA နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဒေသခံတဦးက “ကိုးကန့်တွေ သိမ်းလိုက်တာက ဟေမိုးလုံအထက်က လေယာဉ်ကွင်းတောင် ရှိတယ်။ မနေ့က နေ့လယ် ၁၂ နာရီမှာ သိမ်းလိုက်တာ။ အဲဒီမှာ သိမ်းလိုက်တာနဲ့ (မုံးကိုးမြို့ အဝင်) ကောင်းဂွေမှာလည်း သူတို့ ထိုင်လိုက်ပြီ။ မနေ့ နေ့လယ် ၁၂ နာရီကစ ခြင်းသယ်တဲ့လူ (စစ်ကောင်စီ) တွေ မရှိတော့ဘူး” လို့ ပြောပါတယ်။
အဆိုပါတိုက်ပွဲမှာ နှစ်ဖက်တပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ မသိရသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
၁၀၂၇ စစ်ဆင်ရေး ၁၈ ရက်ပြည့်တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့အထိ MNDAA နဲ့ မဟာမိတ်အဖွဲ့တို့က စစ်ကောင်စီရဲ့ တပ်စခန်းကြီးရော အသေးပါ စုစုပေါင်း ၁၄၁ ခု သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း The Kokang က သတင်းထုတ်ပြန်ထားပါတယ်။