ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ အသက်မပြည့်သေးတဲ့ မြန်မာနိုင်ငံသားတဦးကို တခြားမြန်မာနိုင်ငံသား ၃ ဦးက နိုဝင်ဘာ ၁၀ ရက်နေ့မှာ သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ The Thaiger မှာ ဖော်ပြထားပါတယ်။
မဲဆောက်မြို့၊ မယ်ပကျေးရွာ၊ မယ်တီကန်ဘုရားကျောင်း ဝင်ပေါက်နားမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ မဲဆောက်ရဲအရာရှိတွေက သတင်းရရှိပြီးနောက် သွားရောက်စစ်ဆေးခဲ့ရာ အသက် ၁၇ နှစ်အရွယ် မြန်မာနိုင်ငံသား ၁ ဦး ဦးခေါင်းဒဏ်ရာနဲ့ လဲကျနေတာကို တွေ့ရှိခဲ့ပါတယ်။
ဒဏ်ရာရရှိနေတဲ့ မြန်မာနိုင်ငံသားကို မယ်ပကျေးရွာသားတွေနဲ့ ရဲတပ်ဖွဲ့က မဲဆောက်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပေမဲ့ သွေးထွက်လွန်ပြီး ဦးခေါင်းဒဏ်ရာ ပြင်းထန်တာကြောင့် သေဆုံးခဲ့ပါတယ်။
မဲဆောက်ရဲတပ်ဖွဲ့ဟာ ပြစ်မှုကျူးလွန်သူတွေကို ရှာဖွေဖမ်းဆီးနိုင်ဖို့ အပြင်းအထန် ကြိုးစားခဲ့ရာ မဲဆောက်မြို့ မြူနီစပယ်အရပ်ဒေသများရှိတဲ့ နေအိမ်တအိမ်မှာ ပြစ်မှုကျူးလွန်ခဲ့တယ်လို့ သံသယရှိတဲ့ မြန်မာနိုင်ငံသား ၃ ဦးကို ၉ မီလီမီတာ သေနတ်နဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။
ပြစ်မှုကျူးလွန်ခဲ့တယ်လို့ သံသယရှိတဲ့ မြန်မာနိုင်ငံသား ၃ ဦးလုံးဟာ ဆယ်ကျော်သက်အရွယ်တွေဖြစ်ပြီး သေဆုံးခဲ့တဲ့ မြန်မာနိုင်ငံသားနဲ့ ဖေ့စ်ဘွတ်ခ်မှာ အချစ်ရေးကိစ္စနဲ့ စကားများကာ အပြင်မှာချိန်းကြရာက လူသတ်မှုဖြစ်ပွားခဲ့တဲ့အထိ ပြင်းထန်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးခဲ့တဲ့ မြန်မာနိုင်ငံသား ၃ ဦးကို မဲဆောက်ရဲစခန်းမှာ ဆက်လက်စစ်ဆေးနေပြီး အသေးစိတ်ကို ထပ်မံထုတ်ပြန်မယ်လို့ မဲဆောက်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
Source/Photo-The Thaiger