Home
မြန်မာသတင်း
ဖယ်ခုံအမြောက်တပ်က ပင်လောင်းရှိ ကျေးရွာများကို လက်နက်ကြီးပစ်ခတ်နေ
DVB
·
November 13, 2023

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ စစ်ကောင်စီရဲ့ ခလရ ၄၂၂ တပ်တွင်းကနေ အမြောက်လက်နက်ကြီးတွေနဲ့ ပင်လောင်းနယ်ထဲက ကျေးရွာတွေဘက်ကို ၃ ရက်ဆက်တိုက် ရမ်းသန်းပစ်ခတ်လာတဲ့အတွက် ဒေသခံတွေက ဘုန်းကြီးကျောင်းနဲ့ အများပိုင်နေရာတွေမှာ စုပြီး နေကြရတယ်လို့ နိုဝင်ဘာ ၁၃ ရက်မှာ သိရပါတယ်။

အဲ့ဒီလို လက်နက်ကြီးတွေ ပစ်လာတာတွေကြောင့် တောင်စလုံး၊ မြောက်စလုံး၊ တောင်မဲသင်း၊ နမ့်နိန်းနဲ့ လုံးပျဉ်ဒေသခံတွေဟာ နေအိမ်မှာ မအိပ်ရဲကြဘဲ တောင်ယာရိတ်သိမ်းချိန် ရောက်နေပြီဖြစ်ပေမဲ့ တောင်ယာမသွားရဲလို့ သီးနှံတွေ မရိတ်သိမ်းနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

နမ့်နိန်းဒေသခံ အမျိုးသမီးတဦးက “ရွာထဲတော့ လက်နက်ကြီးမကျဘူး၊ တောင်ယာတွေထဲ သွားကျတာရှိတယ်။ အဲ့ဒါနဲ့ ခြံမဆင်းရဘူး ခုက” လို့ ဆိုပါတယ်။

ရှမ်း-ကယားနယ်စပ်က မြောက်စလုံးကျေးရွာမှာ ဖယ်ခုံအခြေစိုက် ခလရ ၄၂၂ စစ်ကြောင်းနဲ့ စစ်ကောင်စီလက်အောက်ခံ PNA တပ်တွေ စစ်ကြောင်းထိုးလာချိန် ကရင်နီပူးပေါင်းတပ်တွေနဲ့ နိုဝင်ဘာ ၉ ရက်က တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ရမ်းသန်းပစ်ခတ်လာတာဖြစ်တယ်လို့ နမ့်နိန်းဒေသခံတဦးက ဆိုပါတယ်။

“ကျောင်းသားတွေလည်း ကျောင်းမသွားရဲဘူး၊ အကုန်လုံးပဲ ကြောက်ကြတယ်လေ။ ပစ္စည်းတွေသိမ်းကြတယ်၊ အဲ့လိုမျိုး စုပြီးနေတာပေါ့။ တခုခုဖြစ်ဆို ကျန်ခဲ့မှာ ကြောက်တာလေ။ တိုက်ပွဲဖြစ်တဲ့နေ့ဆို လက်နက်ကြီး ၁၀ လုံးလောက် ပစ်လာတယ်။ မနေ့ညလည်း လက်နက်သံတွေ ကြားရတယ်” လို့ အဲဒီဒေသခံက ပြောပါတယ်။

အဲ့ဒီကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက စစ်ကောင်စီတပ်နဲ့ ကရင်နီ ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံ ၇,၀၀၀ နီးပါးဟာ ပင်လောင်းမြို့ကို စစ်ဘေးတိမ်းရှောင်သွားခဲ့ရတာ ဖြစ်ပါတယ်။

စစ်တလင်းဖြစ်ခဲ့တဲ့ အဲ့ဒီဒေသတွေမှာ စစ်ကောင်စီက လေကြောင်းတွေနဲ့ပါ တိုက်ခိုက်ခဲ့တဲ့အတွက် ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ ဘာသာရေး ဘုန်းတော်ကြီးကျောင်း ၅ ခုနဲ့ လူနေအိမ် ၃၀၀ ကျော်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အများအပြား ပျက်စီးသွားခဲ့ပြီး ရဟန်းသံဃာ အပါအဝင် လူ ၂၀ ကျော် သတ်ဖြတ်ခံခဲ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024