မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပေါလောကျေးရွာထဲကို နိုဝင်ဘာ ၁၂ ရက် နေ့လယ် ၁ နာရီလောက်မှာ တောင်ကလေးရဲစခန်းကနေ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
နိုဝင်ဘာ ၁၀ ရက်ကစပြီး ချောင်းနှစ်ခွကျေးရွာနဲ့ တောင်ကလေးကျေးရွာအတွင်း တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ပေါလောကျေးရွာက အသက် ၇ နှစ်အရွယ် မနှင်းသက်ဝေနဲ့ အသက် ၈ နှစ်အရွယ် မဆန်းရတီဦးတို့ လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့တယ်လို့ တောင်ကလေးရွာ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
“ပေါလောရွာမှာ ဟိုတနေ့က ပစ်တဲ့နေရာပဲ၊ ၁ နာရီမှာ စခန်းက ပစ်ထုတ်သွားတဲ့ အလုံးက ရွာထဲ ကျတယ်။ လောလောဆယ်တော့ ကလေးနှစ်ယောက် အတည်ပြုရတယ်။ လူကြီးထိတယ်လည်း ကြားတယ်။ အဲဒီရွာမှာက ရှုပ်နေတယ်။ ထိတာက ဗိုက်တွေ ရင်ဘတ်တွေ အစမှန်တာ။ အဲဒီဘက်က ဗုံးခိုကျင်းတွေလည်း မရှိဘူး။ ဘေးနားကရွာတွေက မတူးထားတာများတယ်လေ။”
ဒါ့အပြင် ဒီနေ့ နိုဝင်ဘာ ၁၃ ရက်နေ့အထိလည်း စစ်ကောင်စီတပ်ဘက်က တောင်ကလေးကျေးရွာနဲ့ ချောင်းနှစ်ခွကျေးရွာတွေဘက်ကို ရဟတ်ယာဥ်နဲ့ လာရောက်ပစ်ခတ်နေသလို မုဒုံမြို့ကနေလည်း လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်ကစပြီး ၁၃ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ရဟတ်ယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် တောင်ကလေး၊ ပေါလော၊ ချောင်းနှစ်ခွ၊ ဖက်တေးကုန်းနဲ့ မယ်တရုံကျေးရွာက ဒေသခံထောင်နဲ့ချီ တိမ်းရှောင်နေရပြီး နေအိမ် ထိခိုက်ပျက်စီးတာတွေလည်း ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။