ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ရိုင်၊ နမ့်ခမ်းမြို့မှာ နိုဝင်ဘာ ၁၂ ရက် ည ၈ နာရီလောက်က စစ်ကောင်စီ စခန်းသစ်ကုန်းကနေ လက်နက်ကြီး ပစ်ခတ်တာကြောင့် ကျရောက်ထိမှန်ပြီး ကုမ္ပဏီခန်းမဆောင်တခု မီးလောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နမ့်ခမ်းဒေသခံတဦးက “ကျနော် ဆယ်တန်းအောင်ပြီး စစချင်း အလုပ်စလုပ်တဲ့ ကုမ္ပဏီ မီးလောင်သွားပြီ၊ စစ်ကောင်စီက ပစ်ထည့်တာ” လို့ ပြောပါတယ်။
နမ့်ခမ်းမြို့မှာ တအာင်းလွတ်မြောက်ရေးတပ် (TNLA) ဘက်က နေရာတချို့ သိမ်းထားပြီး စစ်ကောင်စီဘက်က စခန်းသစ်ကုန်းမှာ ရှိနေသေးကာ နေ့တိုင်း တိုက်ပွဲဖြစ်နေတယ်လို့ သူက ပြောပါတယ်။
“အခုက လေယာဉ်နဲ့မဟုတ်ဘူး။ ဘယ်လိုမျိုးလက်နက်နဲ့လဲ မသိဘူး။ ပြီးခဲ့တဲ့ညမှာလည်း နေဝန်းနီ စစ်ရှောင်စခန်းနားက သာကုန်းမှာလည်း အဲဒီလိုမျိုးလက်နက်နဲ့ပစ်လို့ အိမ်သုံးလေးအိမ် လောင်သွားတယ်” လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
အဲဒီ နေဝန်းနီ စစ်ရှောင်စခန်းမှာလည်း စစ်ရှောင်ပြည်သူတချို့ ရှိသေးတယ်လို့ သူက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း နမ့်ခမ်းမြို့နယ်ရဲ့ ၈၀ ရာခိုင်နှုန်းကို TNLA ဘက်က ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း TNLA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။