တောင်ကိုရီးယားနဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးတွေဟာ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှု နဲ့ မြောက်ကိုရီးယားရဲ့ ဘေးရန်ကိုတိုးချဲ့တားဆီးရေးဗျူဟာကို အကောင်အထည်ဖော်ရေး ပူးတွဲ တုံ့ပြန်ဖို့ နိုဝင်ဘာ ၁၃ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
မြောက်ကိုရီးယားဟာ သူ့ရဲ့ ပဲ့ထိန်းဒုံးကျည်နဲ့ နျူးကလီးယား အစီအစဉ်တွေကို အရှိန်မြှင့် လုပ်ဆောင်နေချိန်မှာ အမေရိကန်ကလည်း မဟာမိတ်တွေကို ခုခံကာကွယ်ဖို့ နျူးကလီးယား လက်နက်တွေ အပါအဝင် မဟာဗျူဟာမြောက် စစ်ရေးပိုင်ဆိုင်မှုတွေကို သုံးဖို့ ကိုင်စွဲထားတဲ့ မဟာဗျူဟာက ပိုအရေးပါလာခဲ့ပါတယ်။
မဟာမိတ်အဖွဲ့ရဲ့ အနာဂတ်အတွက် အသေးစိတ်အစီအစဉ်ကို ပြန်သုံးသပ်ဖို့ မျှော်လင့်ထားတဲ့ နှစ်ပတ်လည် လုံခြုံရေးအတိုင်ပင်ခံအစည်းအဝေး (SCM) အတွက် အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်ကို တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ရှင်းဝမ်ဆစ်ခ်က ကြိုဆိုခဲ့ပါတယ်။
ရုရှားနဲ့ မြောက်ကိုရီးယား အစိုးရတို့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လာနေပြီး ဟားမတ်စ် စစ်သွေးကြွတွေကို မြောက်ကိုရီးယားက ပံ့ပိုးကူညီနေတာနဲ့ ပတ်သက်လို့ မေးခွန်းထုတ်နေကြချိန်မှာ အစ္စရေး-ဟားမတ်စ်စစ်ပွဲနဲ့ ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်မှုတွေက အစည်းအဝေးအတွင်း ဆွေးနွေးမယ့် အချက်တွေကို လွှမ်းမိုးနေပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်ဟာ နိုဝင်ဘာ ၁၂ ရက်က တောင်ကိုရီးယားမှာ ကျင်းပတဲ့ လွမ်းသူ့ပန်းခွေချ အခမ်းအနားမှာ ပါဝင်ခဲ့ပါတယ်။
ဆိုးလ်မြို့တော်က စစ်ပွဲအောက်မေ့ဖွယ် အထိမ်းအမှတ်အဖြစ် အမေရိကန်နဲ့ တောင်ကိုရီးယား စစ်မှုထမ်းဟောင်းတွေကို ဂုဏ်ပြုခဲ့ပါတယ်။
အော်စတင်ရဲ့ တောင်ကိုရီးယား ခရီးစဉ်ဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကြား မဟာမိတ်ဖွဲ့တဲ့ နှစ် ၇၀ ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ဆိုပါတယ်။
Source/Photo-Reuters