Home
မြန်မာသတင်း
ထီးချိုင့်နှင့်မိုးဗြဲတွင် စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၆ ဦးသေဆုံး၊ ၁၃ ဦးသေဆုံး
DVB
·
November 13, 2023

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ သခွတ်ချောင်ရွာကို နိုဝင်ဘာ ၁၂ ရက် ညနေ ၄ နာရီခွဲမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ပစ်ခတ်လို့ ကလေးငယ် ၂ ဦး အပါအဝင် အရပ်သား သေဆုံးတာတွေ ရှိနေပြီး စစ်ဘေးရှောင်တွေလည်း စားနပ်ရိက္ခာ ပြတ်လပ်နေပြီလို့ ထီးချိုင့်ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက ထီးချိုင့်မြို့နဲ့ ထီးချိုင့်မြို့နယ်က ကျေးရွာတွေကို နိုဝင်ဘာ ၈ ရက်က စတင်ကာ လေကြောင်းပစ်ခတ်မှုတွေ ပြုလုပ်နေတာလို့ ထီးချိုင့် စစ်ရှောင်ကူညီ‌ကယ်ဆယ်ရေး ပရဟိတအဖွဲ့ဝင်တွေက ပြောပါတယ်။

ကူညီကယ်ဆယ်ရေးသမားတဦးက “ကျနော်တို့ ကူညီကယ်ဆယ်နေရတာကတော့ အခုရက်ပိုင်းကတော့ ထီးချိုင့်မြို့အပြင်က စစ်ရှောင်တွေနဲ့ ဒဏ်ရာရတဲ့ ပြည်သူတွေ ကယ်ထုတ်နေရတာတွေ လုပ်နေရတယ်။ မြို့အတွင်းကတော့ စစ်ကောင်စီက ပေးမဝင်လို့ မြို့ထဲက ပြည်သူတွေတော့ ကူညီကယ်ဆယ်ရေးတွေ မလုပ်ရဘူး။ ဒီနေ့လည်း သခွတ်ချောင်ရွာက ဘုန်းကြီးကျောင်းကို လေယာဉ်နဲ့ပစ်ခတ်လို့ ၂ နှစ်အရွယ် ကလေးငယ် ၂ ဦး သေတယ်။ အသက် ၆၃ နှစ် အဘွားအိုတဦးလည်း သေတယ်။ ဒဏ်ရာရတဲ့သူကတော့ မ ၂ ဦး၊ ကျား ၃ ဦး စုစုပေါင်း ၅ ဦးပါဗျ။ အမည်ကတော့ လုံခြုံရေးအရ မပြောပြတော့ပါဘူး” လို့ ပြောပါတယ်။

ထီးချိုင့်မြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်က စတင်ကာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အပါအဝင် ဒေသခံကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး မြို့ခံပြည်သူလူထုနဲ့ မြို့နယ်အတွင်းက အရပ်သားပြည်သူလုထု အများအပြားဟာ နိုဝင်ဘာ ၆ ရက်က စတင်ကာ ဒီနေ့ နိုဝင်ဘာ ၁၃ ရက်အထိ စစ်ဘေးရှောင်နေရပြီး ဆန်၊ ဆီနဲ့ စားနပ်ရိက္ခာတွေလည်း ပြတ်လပ်နေပြီလို့ ထီးချိုင့်မြို့ပေါ်က စစ်ဘေးရှောင် ပြည်သူလူထုဆီကနေ သိရပါတယ်။

ထီးချိုင့် အမှတ် ၃ ရပ်ကွက်မှ စစ်ဘေးရှောင်အမျိုးသမီးတဦးက “ဒီလောက် ရက်ရှည် တိုက်ပွဲဖြစ်မယ်လို့လည်း ထင်မထားတော့ ဆန်တွေ ဆီတွေ ဟင်းချက်စရာတွေ လုံလုံလောက်လောက် ယူမလာမိဘူး။ အခုကြတော့ တိုက်ပွဲဖြစ်နေတာ ၇ ရက်နီးပါး ဖြစ်လာတော့ ဆန်၊ ဆီနဲ့ စားနပ်ရိက္ခာတွေ အကုန်ပြတ်ကုန်ပြီ။ မြို့ထဲက ကျမတို့အိမ်တွေလည်း ပျက်စီးသွားတယ်ဆိုတော့ ကျမတို့အတွက် အကုန် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်ရှင့်။ အကူအညီပေးမယ်ဆိုရင်လည်း ဆန်နဲ့ ဆီလေး ကူညီပေးရင်လည်း ကျေနပ်ပါတယ်ရှင်။ အခုကြတော့ ဘာမှ စားစရာကို မရှိတော့ဘူး။ တိုက်ပွဲကလည်း ဒီနေ့အထိ မပြီးသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ တိုင်းရင်းသားလက်နက်ကိုင်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့က မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာကြောင့် လေယာဉ်တွေနဲ့ နေ့စဉ် ပစ်ခတ်နေသလို မြို့တွင်း ထီးချိုင့်ရဲစခန်းနဲ့ ထီးချိုင့်မြို့ရဲ့ ဧရာဝတီတဖက်ကမ်း မြတောင်ဘက်ခြမ်းကနေ လက်နက်ကြီးနဲ့ ပစ်ကူတာတွေ ပြုလုပ်ပေးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

နိုဝင်ဘာ ၁၂ ရက်ကလည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ မီး‌လောင်ဗုံးနဲ့ပစ်ခတ်လို့ ထီးချိုင့်မြို့မဈေးကြီး မီးလောင်ခဲ့ရပြီး ဒီနေ့ နိုဝင်ဘာ ၁၃ ရက်အထိ မီးလောင်နေဆဲ ဖြစ်တယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ရှမ်းပြည်နယ်နဲ့ ကရင်နီ(ကယား)ပြည်နယ်စပ်၊ မိုးဗြဲမြို့မှာလည်း နိုဝင်ဘာ ၁၁ ရက် မနက် ၅ နာရီကျော်က ၁၁၁၁ စစ်ဆင်ရေးအတွင်း စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ဒေသခံ ၄ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့  စစ်ဆင်းရေးလုပ်ခဲ့တဲ့ ရဲဘော်တဦးက ပြောပါတယ်။

“ဈေးကုန်းရပ်ကွက်က ပြည်သူတဦး လက်နက်ကြီးထိပြီး သေဆုံးတယ်။ တည့်တည့်ကျတယ်လို့ ပြောရမှာပေါ့၊ မွသွားတယ်။ ရုပ်က မမှတ်မိလောက်အောင်ပဲ။ မွေတော်ကျောင်းအနီးမှာလည်း တယောက် လဲကျသေဆုံးတယ်။ လယ်တီဘုန်းကြီးကျောင်းမှာ ပြည်သူ ၂ ဦး သေဆုံးပြီး ၁၀ ယောက်လောက် ထိခိုက်မိတယ်။”

စစ်ကောင်စီတပ်က ညောင်ဝိုင်းရပ်ကွက်ကို စွန့်လွှတ်ရပြီးနောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် ၄၂၂ တပ်ကနေ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်တာကြောင့် ပြည်သူ ၄ ဦး သေဆုံးခဲ့ရပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့မနက်မှာလည်း လက်နက်ကြီးနဲ့ပစ်ခတ်နေလို့ ပြည်သူတွေ ပိတ်မိနေတာတွေရှိပြီး ထိခိုက်သေဆုံးမှုရှိမရှိ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

၁၁၁၁ စစ်ဆင်ရေးမှာ မိုးဗြဲ၊ လွိုင်ကော်၊ ဒီးမော့ဆို၊ နန်းမယ်ခုံ စတဲ့နေရာတွေက စစ်ကောင်စီတပ်စခန်း ၇ ခုကို သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က အယောက် ၄၀ ကျော် သေဆုံးကာ လက်နက်အမျိုးအစား အစုံအလင် အလက် ၁၀၀ နီးပါးထိ သိမ်းဆည်းရမိခဲ့တယ်လို့ IEC ဒုဥက္ကဋ္ဌ ခွန်းဘီထူးက ဆိုပါတယ်။

ဒါ့အပြင် ၁၁၁၁ စစ်ဆင်ရေး ဆင်နွှဲချိန်မှာ စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ပြုလုပ်နေလို့ ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်း (သို့မဟုတ်) အကာအကွယ်ရှိတဲ့နေရာမှာ နေကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024