Home
ဆောင်းပါး
မြန်မာအပေါ်  ပိတ်ဆို့ဒဏ်ခတ်မှုများကို ဆန်းစစ်ခြင်း
DVB
·
November 13, 2023

အမေရိကန်ပြည်ထောင်စု၊ ယူနိုက်တက်ကင်းဒမ်းနဲ့ ကနေဒါတို့က မြန်မာနိုင်ငံသားတချို့နဲ့ အဖွဲ့အစည်းတချို့တို့ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့မှာ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှု အသစ်တရပ်ကို ပြုလုပ်ခဲ့ပါတယ်။ အခုရေးပြတဲ့ မှတ်တမ်းကတော့ ပိတ်ဆို့ဒဏ်ခတ်မှုတွေမှာ ဘာတွေပါသလဲ၊ ဘာတွေဖြစ်လာနိုင်သလဲဆိုတဲ့ အဓိက အချက်အလက်တွေကိုပဲ တင်ပြသွားမှာဖြစ်ပြီး နောက်တဆင့်မှာ နိုင်ငံတကာကို စည်းရုံးလှုံ့ဆော်ဖို့ ဘာတွေလိုမလဲ ဆိုတာကို တိုတိုတုတ်တုတ်တင်ပြသွားပါမယ်။

ဒါတွေကတော့ ကျနော်ပြောပြချင်တဲ့ အဓိက အချက်အလက်တွေပါ။ အသေးစိတ်လိုတဲ့ နေရာမှာ ထပ်ရှင်းပြထားပါတယ်။

၁။ MOGE မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (Myanma Oil and Gas Enterprise) ကို အကျိုးအမြတ်ပေးနေတဲ့ ငွေကြေးလွှဲပြောင်းမှုတွေအပေါ် ပစ်မှတ်ထားပိတ်ဆို့ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ လုပ်ဆောင်ချက်ဟာ တော်လှန်ရေးအတွက်တော့ တကယ့် အောင်ပွဲတခုပါ။ စစ်တပ်ကရနေတဲ့ ဝင်ငွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံနဲ့ စွမ်းအင်ကဏ္ဍမှာ ဆက်ဆံမှုတွေ အများကြီးရှိနေတာကို ရှေ့မှာ ထည့်တွက်ဖို့ လိုပါပြီ။

၂။ ကနေဒါကတော့ မြန်မာနိုင်ငံထဲကို လေယာဉ်ဆီရောင်းပေးနေတဲ့ ကုမ္ပဏီတွေကို အာမခံ မထုတ်ပေးတော့ဖို့ တားမြတ်လိုက်ပါတယ်။ ဒါကတော့ ကျနော်တို့တောင်းဆိုနေတဲ့အရာပဲ ဖြစ်ပြီး ရှေ့မှာ US ၊ UK နဲ့ EU မှာ တောင်းဆိုမှုတွေလုပ်ကြဖို့ ရှေ့လမ်းစလို့ တွေးနိုင်ပါတယ်။ စိတ်ပျက်စရာကောင်းတာက ဒီပိတ်ဆို့မှုမှာ ကနေဒါနဲ့အတူတူ အမေရိကန်က ဝင်မပါတာပါ။

၃။ အခုပိတ်ဆို့မှုလုပ်ကြတဲ့ နိုင်ငံတွေကြားထဲမှာတော့ ပိုပြီး ပူးပေါင်းဆောင်ရွက်လာတဲ့ အနေအထားတွေကို တွေ့ရပါတယ်။ လုံးဝပြောစရာမရှိတဲ့ အခြေအနေမျိုး မဟုတ်ပေမဲ့ ဒီသုံးနိုင်ငံလုံးက အရင်နိုင်ငံအသီးသီး ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်တွေအပေါ် အခြေခံ ထပ်တိုးပြီး ချမှတ်ခဲ့တာဖြစ်တယ်။

၄။ ဒါပေမဲ့ လုပ်စရာတွေ အများကြီးကျန်နေပါသေးတယ်။

ဒီပိတ်ဆို့အရေးယူမှုတွေဟာ တိုးတက်လာတဲ့ ခြေလှမ်းကြီးတခုလို့ ပြောလို့ရပါတယ်။ လော်ဘီလုပ်ပြီး အရေးဆိုနေတဲ့သူတွေ အနေနဲ့လည်း ဒါမျိုးက လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ဖြစ်လာရမှာလို့ မချင့်မရဲ့ ဖြစ်စရာရှိပေမဲ့ ကိုယ့်လုပ်ရပ်တွေ အထမြောက်လာတာကို ကျေနပ်ဝမ်းသာဖို့ အချိန်ယူသင့်ပါတယ်။ အောင်ပွဲက ချိုပေမဲ့လည်း အချိန်ကာလ နောက်ကျတာကြောင့် ခါးသက်သက်ဓာတ်တော့ ပါနေသေးသလို ခံစားရတာ အမှန်ပါ။ အရေးဆိုတဲ့အုပ်စုတွေဘက်က နိုင်ငံတကာရဲ့ မယုံမရဲဖြစ်မှုတွေ၊ အကြောက်အကန် ငြင်းဆန်မှုတွေ ကြားထဲမှာ MOGE ကိုပိတ်ဆို့ဖို့ စိုက်လိုက်မတ်တပ် တောင်းဆိုလာတာကြောင့် လုပ်စရာတွေ ရှိနေသေးပေမဲ့ ကျနော်တို့အနေနဲ့ ခဏလောက်တော့ ရလဒ်ထွက်လာတဲ့အတွက် ဝမ်းသာလို့ရပါတယ်။

ပိတ်ဆို့မှုမှာ ပါဝင်တဲ့ အချက်တွေ

ယူနိုက်တက်ကင်းဒမ်း

UK ရဲ့ ပိတ်ဆို့မှုကတော့ တခြားနိုင်ငံကြီးတွေနဲ့ ပူးပေါင်းဆောင်ရွက်တာကို ပြဖို့ ပိုအာရုံစိုက်ပုံရပါတယ်။ လူငါးဦးနဲ့ အဖွဲ့အစည်းတခု ပါဝင်ပါတယ်။ အဲဒီပုဂ္ဂိုလ်တွေအားလုံးကို US နဲ့ EU နှစ်ခုလုံး ဒါမှမဟုတ် EU နဲ့ US တသုတ်စီ လွန်ခဲ့တဲ့ တနှစ်ခွဲလောက်က ပိတ်ဆို့ဒဏ်ခတ်ခဲ့ပြီးသားပါ။ ဒီပိတ်ဆို့ဒဏ်ခတ်မှုတွေဟာ ဘာမှတော့ အများကြီးထိရောက်ဖို့ မရှိပါဘူး။ ဒါပေမဲ့ ဒီနိုင်ငံကြီးတွေကြားမှာ ညှိနှိုင်းဆောင်ရွက်မှုတွေ ရှိနေတယ် ဆိုတဲ့အတွက် မဆိုးဘူးလို့ ဆိုရမှာပါ။ စစ်တိုင်းအောင်ကို UK က ပိတ်ဆို့အရေးယူလိုက်ပြီး (သူ့ကုမ္ပဏီကို US ကလည်း အရေးယူ ပိတ်ဆို့ထားတဲ့သူတဦးပါ။) ဒါပေမဲ့ ယူကေက ယူအက်စ်က အရေးယူထားတဲ့ ကုမ္ပဏီတွေ တခုကိုမှ မထည့်သွင်းထားတာ တွေ့ရပါတယ်။

ကနေဒါ

ကနေဒါကတော့ လူပုဂ္ဂိုလ် ၃၉ ဦးနဲ့ ကုမ္ပဏီ ၂၂ ခုကို စီးပွားရေးပိတ်ဆို့လိုက်ပါတယ်။ ယူကေနဲ့ ဆင်တူပြီး အခုကြေညာခဲ့တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေဟာ အရင် ယူကေက လုပ်ထားခဲ့ပြီးတဲ့ ပိတ်ဆို့မှုတွေအတိုင်း တညီတည်း လိုက်သတ်မှတ်ပေးတာမျိုး ဖြစ်ပါတယ်။ မြန်မာအစိုးရပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ လက်ရှိ စကစကို ဝင်ငွေရှာပေးနေတဲ့သူတွေကို ပစ်မှတ်ထားတာကြောင့် တစုံတရာ အတိုင်းအတာအထိ သက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။ အဲဒါထက် ပိုအရေးကြီးတာကတော့ ဒီနိုင်ငံကြီးတွေကြားထဲမှာ သတင်းအချက်အလက် ဝေမျှတာတွေ ရှိနေတယ်၊ ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်တာတွေ ဖြစ်နေတယ် ဆိုတာပါ။ စိတ်ဝင်စားစရာကတော့ ကနေဒါအစိုးရဟာ ရွှေဗျိုင်းဖြူကုမ္ပဏီကို ပိတ်ဆို့တဲ့စာရင်းထဲ ထည့်လိုက်ပါတယ်။ ရွှေဗျိုင်းဖြူဟာ တယ်လီနောကိုရောင်းတဲ့ကိစ္စ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ ကန့်ကွက်နေတဲ့အချိန်မှာ တယ်လီနော ရှယ်ယာတွေကို ဝယ်လိုက်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

ရွှေဗျိုင်းဖြူကို ပိတ်ဆို့တာ ကနေဒါက ပထမဆုံးနိုင်ငံပါ။ တခြားနိုင်ငံတွေက မလုပ်သေးတဲ့ အချိန်မှာ ကနေဒါဟာ စကစရဲ့ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ကိုလည်း ပိတ်ဆို့ခဲ့တဲ့ ပထမဆုံးနိုင်ငံ ဖြစ်တာကြောင့် အံ့သြစရာ ထပ်ဖြစ်ပြန်ပါတယ်။ ပိုပြီးအရေးကြီးတာက ကနေဒါက လေယာဉ်ဆီကိုပါ ပစ်မှတ်ထားတာပါ။ အထူးသဖြင့် ကနေဒါဟာ မြန်မာနိုင်ငံကိုပို့မယ့် လေယာဉ်ဆီတွေကို သယ်ယူပို့ဆောင်ပေးတဲ့နေရာမှာ ပါဝင်တဲ့ ဘယ်လူပုဂ္ဂိုလ်၊ ကုမ္ပဏီနဲ့ သင်္ဘောကိုမှ အာမခံပေးမှာ မဟုတ်ပါဘူး။ ဒါဟာ ထူးခြားတဲ့ ခြေလှမ်းတခုပါ။ ကနေဒါဟာ ဒီလိုလုပ်တဲ့နေရာမှာ ပထမဆုံးနိုင်ငံပါ။ ယူအက်စ်ကနေ ဂျက်လေယာဉ်ဆီကိစ္စကို ဒီနှစ်ဦးပိုင်းမှာ စလှုပ်ရှားခဲ့ပေမဲ့ ကနေဒါကလုပ်တာကတော့ အဓိပ္ပါယ်ရှိတဲ့လုပ်ရပ် ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ဟာ သိပ်ပြီး လက်တွေ့နဲ့ကင်းကွာပြီး စိတ်ကူးယဉ်လို့လည်း မရပါဘူး။ ကနေဒါက ဒီလိုလုပ်ပေမဲ့ မြန်မာပြည်ကို လေယာဉ်ဆီ မဝင်တော့ဖို့အထိ ဖြစ်လာမှာမဟုတ်ပါဘူး။ သေချာတာက ကနေဒါကုမ္ပဏီတွေဟာ စစ်တပ်ကို လေယာဉ်ဆီပို့နေတဲ့ ကုမ္ပဏီတွေစာရင်းထဲမှာ ပါမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အခုချိန်မှာတော့ ကျနော်တို့ဟာ ကနေဒါ မူဝါဒက ဒီလိုလုပ်တယ်လို့ နမူနာယူစရာ လက်ညှိုးထိုးပြလို့ရမှာ ဖြစ်ပါတယ်။ တခြားအစိုးရတွေလည်း ကနေဒါလို လုပ်ကြပါလို့ ပြောဆိုနိုင်ကြပါပြီ။

အမေရိကန်ပြည်ထောင်စု

ယူအက်စ်ကတော့ လူပုဂ္ဂိုလ်ငါးယောက်နဲ့ ကုမ္ပဏီသုံးခုကို ပိတ်ဆို့အရေးယူပါတယ်။ အဲဒီငါးယောက်စလုံးဟာ စကစရဲ့ အုပ်ချုပ်‌ရေးအဖွဲ့ထဲပါဝင်နေကြသူတွေပါ။ ဒီ ပိတ်ဆို့ဒဏ်ခတ်မှုရဲ့ လိုရင်းကတော့ သတိပေးချင်တဲ့သဘောမျိုးဖြစ်ပါလိမ့်မယ်။ နောက်ထပ်ကုမ္ပဏီသုံးခုကိုပါ အရေးယူရာမှာ နှစ်ခုကတော့ အရင်ကတည်းက ပိတ်ဆို့ဒဏ်ခတ်ခဲ့ပြီးဖြစ်တဲ့ စစ်တိုင်းအောင်ရဲ့ ကုမ္ပဏီ ၂ ခုပါဝင်ပါတယ်။ ဒီပိတ်ဆို့မှုကြောင့် ဘာတွေသက်ရောက်မှုရှိမလဲ ပြောဖို့ခက်ပါတယ်။ ဒါပေမယ့် ယူအက်စ်အနေနဲ့ ကော်ပိုရိတ်ကွန်ရက်တွေကို ပစ်မှတ်ထားတာတာဖြစ်ပြီး အဆက်အစပ်မရှိတဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်း၊ ကုမ္ပဏီတစ်ခုချင်းကို ရွေးပြီးပစ်မှတ်ထားတာမဟုတ်လို့ ကောင်းတဲ့ကိစ္စပဲလို့ ဆိုရမှာပါ။

US ပိတ်ဆို့ဒဏ်ခတ်မှုထဲမှာ ထူးခြားတာက“Directive One” လို့ခေါ်တဲ့ ညွှန်ကြားလွှာပါ။ ဒါက ၁၅ ဒီဇင်ဘာ ၂၀၂၃ကနေစပြီး သက်ရောက်မှာဖြစ်ပါတယ်။ အဲဒီညွှန်ကြားလွှာထဲမှာ ပါတာကတော့ ဘယ်အမေရိကန်နိုင်ငံသားမဆို MOGE နဲ့ ဆက်စပ်လုပ်ငန်းတွေကို အကျိုးရှိစေမယ့်ဘယ်လို ငွေကြေး ဝန်ဆောင်မှုမျိုးကိုမဆို တိုက်ရိုက်အားဖြင့်သော်လည်းကောင်း၊ သွယ်ဝိုက်အားဖြင့်သော်လည်းကောင်း လုပ်ကိုင်ပေးတာ၊ ပြည်ပပို့ကုန်လုပ်ငန်းတွေမှာ ဝင်ပြီးဝင်ဆောင်မှုပေးတာ၊ တဆင့်ထပ်ပြီး ပြည်ပကိုရောင်းနိုင်အောင်လုပ်ပေးတာတွေမှာ ဝင်ပါလို့မရဘူးဆိုတဲ့ သတ်မှတ်ချက်ပါပဲ။ U.S နိုင်ငံသားတွေနဲ့ ကုမ္ပဏီတွေဟာ ဒီဇင်ဘာ ၁၅ ရက်နေ့ကနေစာလို့ MOGE ရဲ့ ငွေကြေးနဲ့ ပတ်သက်နေတဲ့လုပ်ငန်းတွေကို ဘာမှ လုပ်ပိုင်ခွင့် မရှိတော့ပါဘူး။ နောက်လလယ် အထိပဲ ဝန်ဆောင်မှုတွေ ဆက်လုပ်လို့ရနေဦးမှာဖြစ်ပါတယ်။ အဲဒီညွှန်ကြားလွှာမှာ “ငွေကြေးဝန်ဆောင်မှု” ကို “ ချေးငွေ၊ ငွေလွှဲပေးခြင်း၊ ဘဏ်အကောင့်များဖွင့်ခြင်း၊ အာမခံ၊ ရင်းနှီးမြှုပ်နှံမှု၊ ငွေကြေးလုံခြုံရေး၊ စာချုပ်အရ သဘောတူခြင်း၊ ငွေလဲပေးခြင်း၊ ကုန်ရောင်းကုန်ဝယ် letters of credit ထုတ်ပေးခြင်း၊ ‌ကြိုပွိုင့်ရောင်းဝယ်ခြင်းများနှင့် အလားတူဆောင်ရွက်မှုများ” လို့ ဖွင့်ဆိုထားပါတယ်။ စင်စစ်တော့ အဲဒါဟာ ငွေကြေး အင်စတီကျူးရှင်းတစ်ခု လုပ်တတ်တဲ့ လုပ်ငန်းတွေကို အကုန်ခြုံငုံမိအောင် ထည့်ထားတာပါ။ ဘဏ်အချင်းချင်းကြားထဲက လွှဲငွေတွေပါ ပါပါတယ်။ MOGE ကို US ဒေါ်လာနဲ့ ငွေပေးငွေယူလုပ်တဲ့ အဝန်းအဝိုင်းတစ်ခုလုံးထဲကနေ ဖယ်ထုတ်လိုက်တာပါ။ တစ်ဆက်တည်းမှာပဲ ယူအက်ငွေကြေးအဖွဲ့အစည်းတွေက လွှဲပြောင်းပေးနိုင်တဲ့ ဒေါ်လာနဲ့ မဟုတ်တဲ့ လွှဲပြောင်းပေးငွေတွေလည်း ပါပါတယ်။ ဘဏ်တွေဟာ MOGE နာမည်ပါတာနဲ့ တိုက်ရိုက်ပဲ လွှဲလွှဲ သွယ်ဝိုက်ပဲ လွှဲလွှဲ ငွေလွှဲပေးဖို့ ငြင်းပေးရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ သွယ်ဝိုက်ငွေလွှဲပေးတယ်ဆိုတဲ့ စကားလုံးဟာ အများကြီးအရေးကြီးပါတယ်။ အဲဒီသွယ်ဝိုက်ဆိုတဲ့ အထဲမှာ  MOGE ကို လုပ်ငန်းပစ္စည်းတွေ ရောင်းပေးနေတဲ့သူတွေနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးမှာ နည်းပညာပိုင်းက ပျက်စီးမှုတွေကို ပြန်ပြင်ပေးတဲ့ အပိုင်းတွေက စလို့ ဘယ်လို ဝန်ဆောင်မှုမျိုးမဆိုလုပ်ပေးနေတဲ့ ကုမ္ပဏီတွေပါ ဒီပိတ်ဆို့မှုနဲ့ ငြိမှာ ဖြစ်ပါတယ်။ MOGE ကို အကျိုးရှိစေတဲ့ ဘယ်ဝန်ဆောင်မှုမျိုးမဆိုပေးနေတဲ့ ကုမ္ပဏီဆိုရင် ငြိမှာပါ။ MOGE အနေနဲ့ ယူအက်ဒေါ်လာပါတဲ့ ဘယ် ငွေလွှဲပြောင်းမှုမျိုးကိုမှ လုပ်လို့ရတော့မှာ မဟုတ်ပါဘူး။ အရင် MFTB မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်ကို ပိတ်ဆို့တာ တစ်ခုတည်းနဲ့ဆိုရင် ဒီလောက် ထိရောက်ဖို့ ခက်ပါတယ်။ US ဘဏ်တွေကလည်း ယူအက်စ်ဒေါ်လာနဲ့ မဟုတ်ဘဲ ငွေကြေးဝန်ဆောင်မှုပေးဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် US ဘဏ်မဟုတ်တဲ့ ဘဏ်တွေကနေ US ဒေါ်လာမဟုတ်တဲ့ ငွေကြေးတွေနဲ့ MOGE ကို အဝင်အထွက်တွေ ရှိနေကြဦးမှာဖြစ်ပါတယ်။ Specially Designated Nationals ထဲမှာ MOGE ကို ထည့်ရင်လည်း အဲဒီလို လွှဲပြောင်းပေးတာတွေကလုပ်လို့ရနေဦးမှာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော့် အမြင်တော့ ဒါဟာ ရှေ့ကိုအတော်ရောက်လာတဲ့ သဘောပဲလို့ပြောရမှာပါ။ MOGE ကို အပြည့်ပိတ်ဆို့ပြီး SDN စာရင်းထဲကို ထည့်လိုက်သလောက်ကို ထိရောက်နေပါပြီ။ ခုတစ်ခေါက်ကတော့ EU ရဲ့ MOGE အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့တွေနဲ့ အမေရိကန်က မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်ကို အရေးယူပြီးတဲ့ နောက်မှာ ထပ်တိုးလာတာလို့ ပြောလို့ရပါတယ်။ MFTB ကိုပိတ်လိုက်ပြီးတဲ့ နောက်ဆက်တွဲကတော့ တချို့ MOGE က ရမယ့် ငွေတွေ ပိတ်မိသွားတာကြောင့် စစ်တပ်ဆီကိုမရောက်နိုင်တော့ပါဘူး။ ဘယ်လောက်ပမာဏလည်းဆိုတာ အတိအကျမသိရပေမယ့် ဒေါ်လာ သန်းရာနဲ့ ချီဖို့ များပါတယ်။ အခု ထပ်ပြီးပိတ်ဆို့လိုက်တဲ့အခါ PTT က မြန်မာစစ်တပ်ကိုရှင်းရမယ့် ငွေတွေကို လွှဲဖို့ တောင် ခက်ခဲသွားနိုင်ပါတယ်။

ဒီပိတ်ဆို့မှုတွေ ချမှတ်ပြီးတဲ့အခါမှာလည်း ထိထိရောက်ရောက်ကျင့်သုံးကြမှာဖြစ်လို့ PTT နဲ့ POSCO ကိုလည်း စစ်တပ်ကို ဘဏ္ဍာရေး ဒဏ်ခတ်ပိတ်ဆို့မှုကနေ ရှောင်ရှားလို့ရအောင် မကူညီပေးကြဖို့ နိုင်ငံရေး ဖိအားဆက်ပေးနိုင်ကြမယ် ထင်ပါတယ်။ အထူးသဖြင့် ဒီကုမ္ပဏီတွေက MOGE ဝင်ငွေတွေကို တခြား ငွေကြေးနဲ့ ပြောင်းပြီး မပေးကြဖို့လိုပါတယ်။

သေချာတာကတော့ လက်ရှိ ပိတ်ဆို့မှုမှာ ယိုပေါက်တွေ ဟာကွက်တွေ အများကြီးရှိနေပါတယ်။ ဒါပေမဲ့ US အနေနဲ့ MOGE ကို အပြည့် ပိတ်ဆို့လိုက်ရင်တောင်မှာ ဒီအားနည်းချက်တွေ ဟာကွက်တွေ ပိတ်သွားမယ်လို့ မထင်ပါဘူး။ အထူးသဖြင့် ဒီပိတ်ဆို့မှုဟာ သဘာဝဓာတ်ငွေ့ ထုတ်နေကြတဲ့ ကုမ္ပဏီတွေအပေါ် ကောက်တဲ့ အခွန်ငွေတွေကို ရပ်တန့်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီငွေတွေက MOGE ကို မပေးဘဲ ပြည်တွင်းအခွန်ဦးစီးဌာနကို သွားလို့ပါ။ နောက်ပြီး ဒါက ရတနာသဘာဝဓာတ်ငွေ့ထုတ်လုပ်ငန်းထဲက Chevronလုပ်ကွက်တွေကို MTI သို့မဟုတ် တခြား ဝယ်လက်ကိုရောင်းလိုက်တာကို တားနိုင်မယ် မထင်ပါဘူး။ ဒါ့ကြောင့် MOGE ဟာ ယူအက်စ်ဒေါ်လာနဲ့ မဟုတ်တဲ့ တခြား ဘဏ်တွေကဖြတ်လာတဲ့ ဝင်ငွေတွေကို ရမြဲ ရနေဦးမှာပါ။ ( ဒီနေရာမှာ US ဘဏ်လုပ်ငန်းများ ဆိုတာက အမေရိကန်ပိုင်ဘယ်ဘဏ်မဆိုနဲ့ နိုင်ငံတကာက အမေရိကန်ဘဏ်ခွဲတွေပါ ပါပါတယ်။)

စစ်တပ်ရဲ့ ဝင်ငွေတွေကို ဘယ်လို ဆက်ဖိအားပေးကြမလဲ။

စစ်တပ်ဘက် US ဒေါ်လာနဲ့မဟုတ်ဘဲ US ဘဏ်လုပ်ငန်းတွေကိုကျော်ပြီး MOGE ငွေတွေက ရအောင် ဘယ်လိုနည်းတွေနဲ့ လုပ်မယ်ဆိုတာကို ကျွန်တော်တို့ အာရုံစိုက်ပြီး ဖော်ထုတ်ကြဖို့လိုပါတယ်။ ထိုင်းဘဏ်တွေနဲ့ ဆက်ဆံရေးတည်ဆောက်ပြီး ဘတ်နဲ့ ရအောင်လုပ်ဖို့ ဖြစ်နိုင်ပါတယ်။ တရုတ်ဘဏ်တွေကိုလည်း သုံးနိုင်ပါတယ်။ ဘယ်လိုဖြစ်လာမလဲ မသိနိုင်ပါဘူး။ ဒါပေမဲ့ ဆက်စောင့်ကြည့်ပြီး နိုင်ငံရေးဘက်ကရော တက်ကြွလှုပ်ရှားသူတွေဘက်ကရော၊ ဥပဒေဘက်ကရော အဲဒီဘဏ်တွေကို ဖိအားပေးကြဖို့လိုပါတယ်။ တက်ကြွလှုပ်ရှားသူတွေအနေနဲ့ POSCO PTTEP, PTT နဲ့ Chevron/MTI အစရှိတဲ့ ကုမ္ပဏီတွေကို တပ်က ဒေါ်လာမဟုတ်တဲ့ တခြားငွေစက္ကူကိုပြောင်းတာ၊ တခြားငွေလွှဲလမ်းကြောင်းပြောင်းတာတွေနဲ့ ပိတ်ဆို့မှုကို ရှောင်ရာမှာ မကူညီဘဲ နေကြဖို့ ဖိအားဆက်ပေးဖို့ လိုပါတယ်။ ဒါကတော်တော်အရေးကြီးပါတယ်။

တခြား ဦးစားပေး ပိတ်ဆို့ဒဏ်ခတ်မှုတွေက ဘာတွေဖြစ်နိုင်မလဲ။

ကျွန်တော်ကတော့ သုံးခု အကြံပေးချင်ပါတယ်။

၁။ တပ်ဘက်က နိုင်ငံတကာ ငွေကြေးစနစ်ကို သုံးနိုင်ဖို့ ကူညီပေးနိုင်တဲ့ ငွေကြေးအဖွဲ့အစည်းတွေကို တားမြစ်ရပါမယ်။ ( လက်နက်ဝယ်ဖို့နဲ့ တခြားတပ်ပစ္စည်းတွေကို အာမခံ ထားပေးနေတဲ့ ကုမ္ပဏီတွေရဲ့ ငွေအလွှဲအပြောင်းတွေမှာ မပါဝင်ဖို့)

၂။ လေယာဉ်ဆီ အရောင်းအဝယ်လမ်းကြောင်းကို ဖြတ်တောက်ဖို့။ ကနေဒါနဲ့အတူတူ တခြားနိုင်ငံတွေကပါ မြန်မာနိုင်ငံကို လေယာဉ်ဆီပို့နေတဲ့ အလုပ်တွေမှာ အာမခံမရောင်းပေးဖို့)

၃။ တပ်ဘက်ကို လက်နက်ရောင်းပေးတဲ့သူတွေကို တားမြစ်ပြီး နိုင်ငံတကာ လက်နက်အရောင်းအဝယ် ပိတ်ဆို့နိုင်ရေး တွန်းအားပေးဖို့

၄။ လက်ရှိ ပိတ်ဆို့အရေးယူမှုတွေကို ချမှတ်ထားပြီးတဲ့နောက်ပိုင်း နိုင်ငံအသီးသီးက ဘယ်လောက်ထိ အကောင်အထည်ဖော်မှုရှိသလဲဆိုတာစောင့်ကြည့်ဖို့- အဲဒီလို မစောင့်ကြည့်ရင် ပြစ်ဒဏ်ချပြီးလည်း မလိုက်နာဘဲ လျစ်လျူရှုထားတတ်ကြတယ်။

Credit- အီဂေါဗလာဇီဗစ် ဖေ့စ်ဘွတ်ခ်စာမျက်နှာ

(အမေရိကန်အခြေစိုက် Sanction အရေးကျွမ်းကျင်သူတဦးရဲ့ဆောင်းပါးကို  အီဂေါဗလာဇီဗစ်ရဲ့ ခွင့်ပြုချက်နဲ့ ပြည်လည်ဖော်ပြသည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024