ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ နိုဝင်ဘာ ၁၀ ရက်နေ့က ပရဟိတအသင်းတခုရဲ့ ဒါရိုက်တာတယောက်ကို လူတစုက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်မှာနေထိုင်တဲ့ ရက္ခိတမဏ္ဍိုင် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက ဒါရိုက်တာဖြစ်သူ အသက် ၃၄ နှစ်အရွယ် ဦးအောင်နိုင်ကို မနက် ၈ နာရီလောက်က စက်ရုံစုရပ်ကွက်၊ နာဇီရွာစျေးကနေ ဖမ်းဆီးသွားခဲ့တာပါ။
ဦးအောင်နိုင်ကို ဖမ်းဆီးသွားသူတွေဟာ အရပ်ဝတ်ဝတ်ထားတဲ့ လူတစုဖြစ်ပြီးတော့ ဘယ်အဖွဲ့စည်းကဖြစ်တယ်ဆိုတာကိုတော့ မသိကြဘူးလို့ မျက်မြင်တွေ့ခဲ့သူ တယောက်က ပြောပါတယ်။
“အရပ်ဝတ်တွေနဲ့ပဲ။ သတ်ပုတ်ပြီးတော့ ခေါ်သွားတာ။ သတ်(ရိုက်)တဲ့သူမှာ ဓားလိုလို အချွန်လိုလို တခုတွေ့လိုက်တယ်။ ဘယ်အဖွဲ့အစည်းကလူတွေ ဆိုတာတော့ အတည်ပြုနိုင်ဖို့ ခက်တယ်။ စျေးထဲမှာဖြစ်တာဆိုတော့ လူတွေကတော့ ကြောက်နေကြတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ဦးအောင်နိုင်နဲ့ ပတ်သက်လို့ အဆက်သွယ်မရရှိတဲ့အတွက် စိုးရိမ်နေကြတယ်လို့ ဦးအောင်နိုင်ရဲ့ မိသားစုဝင်တယောက်က ပြောပါတယ်။
“ဘယ်မှာရှိတယ်၊ ဘယ်လိုအခြေအနေရှိတယ် ဆိုတာသိချင်တယ်။ ဘာကြောင့် ဖမ်းတယ် ဆိုတာတွေရောပေါ့။ အခု လုံးဝအဆက်သွယ်မရတော့ အရမ်းစိုးရိမ်နေကြတယ်” လို့ ပြောပါတယ်။
စစ်တွေမြို့မှာ ဒေသခံတွေ မကြာခဏ ဖမ်းဆီခံနေရပြီး နိုဝင်ဘာ ၉ ရက်နေ့ကလည်း ဆင်ကူးလမ်းဘက်က ဒေသခံ ၄ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။