စပိန်နိုင်ငံရဲ့ ဆိုရှယ်လစ်ပါတီက ယာယီဝန်ကြီးချုပ် ပေဒရို ဆန်းချက်ဇ်ဟာ သက်တမ်းသစ်ကို ဆက်ထမ်းဆောင်ဖို့ ထောက်ခံမှု ရရှိပြီးနောက်မှာ ဆန္ဒပြမှုတွေ ဆက်တိုက်ရှိလာနေပြီး နိုဝင်ဘာ ၁၁ ရက်က တတိယမြောက် ဆန္ဒပြညအဖြစ် မက်ဒရစ်မြို့ကြီးက ဆိုရှယ်လစ်ပါတီ ရုံးချုပ်ရဲ့အပြင်ဖက်မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ ပဋိပက္ခ ဖြစ်ခဲ့ကြပါတယ်။
အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေက ဆန္ဒပြသူတွေကို လူစုခွဲဖို့ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပြီး ဆန္ဒပြသူတွေကလည်း ကျောက်တုံးတွေ၊ မီးရှူးမီးပန်းတွေနဲ့ အရာဝတ္ထုတွေကို ရဲတွေဆီ ပစ်ပေါက်ခဲ့ကြပါတယ်။
ကက်တလန်ခွဲထွက်ရေးပါတီ ဟွန်စ်ရဲ့ ထောက်ခံမှုအပြင် အမျိုးသား ဘာ့စ်ခ်ပါတီ (PNV) နဲ့ ကနေရီစ် ညွန့်ပေါင်းအဖွဲ့ရဲ့ အတည်ပြုထောက်ခံမှုတို့နဲ့အတူ လာမယ့်ရက်တွေအတွင်း ကျင်းပမယ့် မဲခွဲဆုံးဖြတ်မှုမှာ အဖွဲ့ဝင် ၃၅၀ ရှိ အောက်လွှတ်တော်မှာ အများစုက ဆန်းချက်ဇ်ကို မဲပေးကြမှာ ဖြစ်ပါတယ်။
ကက်တလန် ခွဲထွက်ရေးပါတီ ဟွန်စ် နဲ့ သဘောတူထားတဲ့ အပေးအယူမှာ ၂၀၁၇ ခုနှစ်တုန်းက စပိန်နိုင်ငံကနေ ခွဲထွက်ဖို့ကြိုးပမ်းမှုနဲ့ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်ခံရသူတွေကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးတဲ့ အငြင်းပွားဖွယ်ရာ ဥပဒေတရပ်ကို အတည်ပြုခြင်းလည်း ပါဝင်နေတာပါ။
ဆန်းချက်ဇ်ရဲ့ ကွန်ဆာဗေးတစ် ပြိုင်ဘက်တွေကတော့ သူ့ရဲ့နိုင်ငံရေး အကျိုးအမြတ်အတွက် စပိန်နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကို အသုံးချတယ်လို့ စွပ်စွဲထားပါတယ်။
Source/Photo-Reuters