Home
မြန်မာသတင်း
ကျွန်းစုမြို့နယ်၊ ကံမော်ရွာတွင် ညဘက် အကြောင်းမကြားဘဲ ဝင်ထွက်သည့် စက်လှေများကို ပစ်မိန့်ပေး
DVB
·
November 12, 2023

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာမှာ ညဘက်အချိန် စက်လှေတွေ ဝင်ထွက်သွားလာတာကိုတွေ့ရှိရင် ပစ်မိန့်ပေးထားတယ်လို့ ကြေညာထား တာကြောင့် ဒေသခံတွေ မသွားရဲတော့ဘဲ အခက်အခဲတွေ့နေကြတယ်လို့ သိရပါတယ်။

အခုလ နိုဝင်ဘာ ၅ ရက်နေ့လောက်ကစပြီး ညဘက်အချိန် အကြောင်းမကြားဘဲ ကံမော်ကျေးရွာထဲကို ဝင်ထွက်သွားလာတဲ့စက်လှေတွေကိုတွေ့ရှိပါက ပစ်ခတ်ဖို့အတွက် စစ်ကောင်စီက အမိန့်ပေးတာကြောင့် ကျေးရွာတချို့က စက်လှေတွေ ညဘက်အချိန်လူနာတွေကို မပို့နိုင်တော့တဲ့အပြင် နေ့ဘက်မှာတော့ မသွားရဲတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံပြည်သူတယောက်က “ညဘက် ရွာထဲလှေဝင်ရင် ပစ်မယ်တဲ့။ သွားချင်ရင် လူကြီးအကြောင်းကြားပေးမှ ကံမော်တံတား ကပ်ခွင့်ရမယ်တဲ့။ ဘယ်နှစ်နာရီ အတိအကျမရှိ။ ရွာထဲမှာ လိုက်အော်ပြောနေတယ်။ ရွာကလူ‌တွေဆို နေ့ဘက်တောင် သွားမရဲတော့ဘူး။ ၅ ရက်နေ့လောက်ကတည်းက ရွာမှာလိုက်အော်နေတာ" လို့ ပြောပါတယ်။

ကံမော် ကျေးရွာအနီးတဝိုက်မှာရှိတဲ့ ကျေးရွာအုပ်စုတွေဖြစ်တဲ့ မဲတောအုပ်စု၊ သဲ‌ချောင်းအုပ်စုနဲ့ ရေကန်တောင်ကျေးရွာအုပ်စုတို့မှာ ဆေးရုံဆေးခန်းတွေရှိပေမဲ့ ဆေးဝါးမလုံလောက်တဲ့အတွက် အရေးကြီးလူနာရှိရင် ကံမော်ကျေးရွာက ဆေးဆေးခန်းကို စက်လှေငယ်တွေနဲ့ ပို့ဆောင်ကုသနေရတာလို့ ဒေသခံတွေက ပြောပါတယ်။

ကျေးရွာတချို့ကနေ အကြောင်းမျိုးမျိုးကြောင့် ညဘက်အချိန်တွေမှာ ကံမော်ကျေးရွာကို သွားလာမယ်ဆိုရင် ရွာမှာရှိတဲ့ အုပ်ချုပ်ရေးမှူးကတဆင့် ကံမော်ကျေးရွာ တံတားမှာ လုံခြုံရေးစောင့်နေတဲ့ စစ်သားတွေကို အရင်ကြိုတင်ပြီး အကြောင်းကြားထားရတယ်လို့ ပြောပါတယ်။

 ဒေသခံတယောက်က “အကြောင်းကြားရတာဆိုတော့ အရင်ထက် အချိန်ကြန့်ကြာ တာပေါ့။ ကံမော်မှာဆိုလည်း ညဘက်အပြင်ထွက်ရင် သူတို့နဲ့တွေ့ရင် စစ်တယ်တဲ့။ အပြင်လှေတွေ ဘာတွေဆိုရင် အကြောင်းမကြားတာတွေဆို ပစ်မိန့်ပေးထားတာ။ အမြန်ယာဉ်တွေထဲမှာရော မှတ်ပုံတင်တွေလိုက်စစ်တာ။ အရင်က အဲလိုမစစ်ဘူး” လို့ ပြောပါတယ်။

ပျူစောထီးတွေနဲ့ စစ်ကောင်စီရေတပ်သားတွေ အများအပြားရှိတဲ့ ကံမော်ကျေးရွာမှာ  ည ၈ နာရီအချိန်ကနေ မနက် ၅ နာရီအထိ ကျေးရွာထဲသွားလာခွင့် ပိတ်ပင်ထားပြီး တွေ့ရှိရင် စစ်ဆေးအရေးယူတာတွေရှိတယ်လို့ ဒေသခံတယော်ကက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ကံမော်ရွာထဲမှာ PDF လို့ ယူဆရတဲ့ လူတယောက်ကိုလည်း ဖမ်းဆီးထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာမှာ စစ်ကောင်စီ ရေတပ်သားတွေနဲ့ ပျူစောထီးတွေက ကျေးရွာတချို့က လုပ်ငန်းရှင်တွေနဲ့ပူးပေါင်းပြီး ပင်လယ်ရေလုပ်ငန်းတွေမှာ လက်ဝါးကြီးအုပ် ခြယ်လှယ်နေတာတွေရှိတယ်လို့လည်း ဒေသခံတချို့က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024