Home
မြန်မာသတင်း
ဆားလင်းကြီးနှင့် ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး လေကြောင်းက ပစ်ခတ်
DVB
·
November 12, 2023

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်နဲ့ ပုလဲမြို့နယ်မှာ စစ်ဆင်ရေး ဝင်လာတဲ့ စစ်တပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့  ဒီနေ့ နိုဝင်ဘာ ၁၂ ရက် မနက် ၇ နာရီအချိန်က တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းကနေ လာရောက်ပစ်ခတ်တယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။

ကျားတက်ဒေသခံရွာသားတယောက်က “တိုက်ပွဲက မနက်ခင်း ၇ နာရီက။ ကျနော်တို့ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရွာတောင်ပိုင်းမှာ မနက်ခင်း ၇ နာရီက သေနတ် ပစ်ခတ်သံတွေ ကြားရတယ်။ အဲလိုကြားပြီး ၇ နာရီခွဲလောက်ရောက်တော့ လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာဗျ။ လေယာဉ်နဲ့ပစ်ခတ်လို့ အထိအခိုက် အပျက်အစီး ကတော့ ဘာမှမသိရသေးဘူး” လို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေကတော့ လာရောက်ပစ်ခတ်ခဲ့တာဟာ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြစ်ပြီး မုံရွာနမခ စစ်တပ်တွင်းကနေ လာပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။

ပုလဲဒေါင်းနက်အဖွဲ့ခေါင်းဆောင် ရဲဘော်ကိုပေက “ကျားတက်ရွာတောင်ပိုင်းကို ဈေးဝယ်ထွက်လာတဲ့ စစ်ကောင်စီ ၇ ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ပစ်တာ။ ၇ ယောက်လုံး သေဆုံးပြီး လက်နက်တွေ ၇ လက် လည်း ရတယ်လို့ သိရတယ်ဗျ” လို့ ပြောပါတယ်။

ကျားတက်ရွာမှာ စစ်ကောင်စီရဲ့ နယ်မြေရဲစခန်းတခုရှိပြီး စစ်တပ်လည်း အထိုင်ချတဲ့ရွာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရဲဘော်ကိုပေက “ပုလဲမြို့ကနေ မနက်ခင်းက ကျားတက်ရွာကို အင်အား ၆၂ ယောက်နဲ့ စစ်ကူလာတဲ့ စစ်ကြောင်းကိုလည်း ကျနော်တို့ ဒေါင်းနက်တပ်ဖွဲ့က ရှေ့ထွက်မိုင်း ၈ လုံးနဲ့ မိုင်းဆွဲတာတွေလည်းရှိတယ်။ အဲလိုမိုင်းဆွဲခဲ့တာ စစ်ကောင်စီဘက်က ၇ ယောက် သေဆုံးပြီး ၆ ယောက် ပြင်းထန်ဒဏ်ရာရရှိတယ်လို့ အတွင်း သတင်းပေးဆီက သိထားရတယ်ဗျ။ အဲဒီစစ်ကြောင်းကပဲ မနက်ခင်း ၈ နာရီလောက်ရောက်တော့ ပုလဲမြို့နယ်၊ အေးကုန်းရွာကို မီးရှို့တာတွေလုပ်နေတယ်” လို့ ပြောပါတယ်။

အိမ် ၂၀ ကျော် မီးလောင်ဆုံးရှုံးပြီး လယ်ယာသုံး ထွန်စက်တွေ၊ လယ်ယာသုံး စက်ကိရိယာတွေလည်း ဆုံးရှုံးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

အိမ်ခြေ ၇၀ လောက်ရှိတဲ့ အေးကုန်းရွာဟာ ပုလဲမြို့နဲ့ ၃ မိုင်လောက်ဝေးတဲ့ရွာဖြစ်ပြီး စစ်ကြောင်းထိုးလာလို့ ဒေသခံတွေ ထွက်ပြေးနေရတယ်လို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024