Home
မြန်မာသတင်း
ကနီတွင် စစ်ကောင်စီက သစ်တင်လာသည့် သင်္ဘော ၇ စင်း သိမ်းပိုက်ခံရ
DVB
·
November 11, 2023

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာတော့ ချင်းတွင်းမြစ်ကမ်းမှာ သောင်တင်နေတဲ့ စစ်ကောင်စီရဲ့ သစ်တွေတင်ဆောင်ထားတဲ့ သင်္ဘော ၇ စင်းကို နိုဝင်ဘာ ၉ ရက် မနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

အဲဒီ ရေယာဉ်တွေမှာ ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အခုလ ၄ ရက်နေ့ ကတည်းက စတင်တိုက်ခိုက်ခဲ့တယ်လို့ KLG PDF တပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။

ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တယောက်က “၆ ရက်နေ့မှာ ထောက်ပို့ ရေယာဉ် ၂ စင်းကို သိမ်းနိုင်ခဲ့တယ်။ နောက်ရက်တွေမှာလည်း တိုက်ပွဲက ဆက်တိုက် ဖြစ်တယ်။ စစ်ကူ မရလို့လားတော့ မသိဘူး။ ညဘက်မှာ စစ်ကောင်စီကကောင်တွေ သင်္ဘောတွေကိုထားပြီး ပြေးသွားတယ်” လို့ ပြောပါတယ်။

သစ်လုံးတွေတင်ဆောင်လာတဲ့ ရေယာဉ် ၇ စင်းဟာ ကနီမြို့ကနေ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာပြီး သောင်တင်နေတုန်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပြီး အထိနာခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မုံရွာမြို့ နမခတပ်ကို ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အဲဒီသင်္ဘောတွေကနေ စက်သုံးဆီ ဒီဇယ်ပေပါ ၁၀၀ ကျော်၊ သစ်လုံးရေ ၂၀၀၊ ကား ၃ စီး၊ ဆိုင်ကယ် ၅ စီး၊ စက်ဘီး ၁ စီးတို့ကို ရရှိထားတယ်လို့ သိရပါတယ် 

အဲဒီရေယာဉ်ပေါ်မှာ စစ်ကောင်စီ အင်အား ၂၀၀ ကျော်နဲ့ လုံခြုံရေးယူထားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စနိုက်ဘာနဲ့ ပစ်ခက်လို့ စစ်သား အယောက် ၃၀ သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပြီး ဒီဗွီဘီကတော့ သီးခြား အတည်မပြု နိုင်ပါဘူး။

အဲဒီတိုက်ခိုက်မှုတွေကို ယင်းမာပင်ခရိုင်တပ်ယင်း ၂၁၊ ၂၂၊ ၂၃၊ KLG PDF (ကျောက်လုံးကြီး)တပ်ဖွဲ့၊ ယင်းမာပင်ခရိုင် တပ်မဟာ၊ BNRA၊ BLDF၊ ULF တပ်ပေါင်းစု၊ KG အဖွဲ့၊ ဘိုးတော်နီအဖွဲ့နဲ့ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေ ပူးပေါင်းကာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ် 

Photo KLG PDF

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024