Home
မြန်မာသတင်း
လွိုင်ကော်တွင် ကရင်နီပူးပေါင်းတပ်များ စစ်ဆင်ရေးစတင်၊ တိုက်ပွဲများပြင်းထန်နေ
DVB
·
November 11, 2023

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့မှာ နိုဝင်ဘာလ ၁၁ ရက် ဒီမနက် ၄ နာရီလောက်က စတင်ပြီး ကရင်နီပူးပေါင်းတပ်တွေက စစ်ဆင်ရေးစတင်နေတာမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့  မြို့ခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ လွိုင်ကော်မြိုစွန်ရပ်ကွက် ထေးဌားလျား၊ ချိတ်ကယ်နဲ့ ရေယိုကျေးရွာစတဲ့ နေရာတွေကနေ လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်သံတွေကြားရတယ်လို့  ဆိုပါတယ်။

လွိုင်ကော်မြို့ခံအမျိုးသမီးတစ်ဦးက“ မြို့ပြင်မှာပစ်နေတာ၊ အဲ့မှာစစ်တပ်ဂိတ်ရှိတယ်လေ၊  မြိုထဲတော့မရောက်သေးဘူး၊ စစ်သားတွေကတော့ စစ်ကားတွေနဲ့ သွားလာတာတွေရှိတယ်” လို့ ပြောပါတယ်။

ဒီနေ့မနက်ပိုင်းကစပြီး လွိုင်ကော်မြို့ပြင် ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့  လွိုင်ကော်မြို့ခံက ပြောပါတယ်။

လွိုင်ကော်မြို့တော်ကိုဦးတည်ပြီး  ကရင်နီပူးပေါင်းတပ်တွေက  စစ်ဆင်ရေးစတင်နေတာကြောင့် တိုက်ပွဲအခြေအနေတွေ ပြင်းထန်လာနိုင်တဲ့အတွက်  “လွိုင်ကော်-ဒီးမော့ဆို၊ လွိုင်ကော်-မိုးဗြဲ၊ လွိုင်ကော်-ဆီဆိုင်”လမ်းမကြီးတွေကို ဒေသခံပြည်သူတွေ အသွားအလာမပြုဖို့အတွက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF  KNDF က ထုတ်ပြန်ထားပါတယ်။

KNDF ပြန်ကြားရေးတာဝန်ခံက “လောလောဆယ်ကတော့ လွိုင်ကော်နဲ့ အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေဖြစ်နေတယ်၊ ပြည်သူလူထုရဲ့ လုံခြုံရေးအတွက် လမ်းမကြီးကို အသုံးမပြုဖို့ကိုလည်း ထုတ်ပြန်ထားပါတယ်” လို့ ပြောပါတယ်။

လွိုင်ကော်တက္ကသိုလ်တဝင်းလုံးကို  စစ်ကောင်စီတပ်သားတွေ ဝင်ရောက်နေရာယူထားပြီး လက်ရှိစစ်ရေးအရ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်စခန်း၊ ကင်း၊ ဂိတ်၊ ရုံးဌာန၊ အကျဉ်းထောင်တွေ၊ ရဲစခန်းတွေနဲ့ အဝေးဆုံးကို သွားရောက်နေထိုင်ကြဖို့ လွိုင်ကော် PDF က မေတ္တာရပ်ခံထားပါတယ်။

မြို့ထဲကိုဝင်လာတဲ့ ရဲဘော်တွေဟာ ကြိုတင်လေ့ကျင့်ပြင်ဆင်လာကြသူတွေဖြစ်ပြီး ရန်သူနဲ့ ရင်ဆိုင်နိုင်အောင် လေ့ကျင့်ထားသူတွေဖြစ်လို အရပ်သားတွေအနေနဲ့ ကြားမှာကန့်လန့်ခံနေရင် လုပ်ရကိုင်ရခက်ပြီး  ရဲဘော်တွေကိုပြေးဖို၊ ပုန်းဖိုနေရာလုပ်ပေးရမယ့် ဆန္ဒပြကာလမဟုတ်ဘဲ စစ်တိုက်နေကြတာဖြစ်လို့ တိုက်ပွဲဖြစ်နေချိန်မှာ ကူညီပေးဖို့ လုံးဝမစဉ်းစားပါနဲ့လို့ လွိုင်ကော် PDFက သတိပေးထုတ်ပြန်ပါတယ်။

ကရင်နီပူးပေါင်းတပ်ဖွဲဝင်တစ်ဦးက “အခုဆို ဖယ်ခုံတပ်က လက်နက်ကြီး အဆက်မပြတ်ပစ်နေတယ်။ မိုးဗြဲကပြည်သူတွေ၊ စစ်ရှောင်စခန်းက ပြည်သူတွေ တော်လှန်ရေးရဲဘော်တွေ အထူးဂရုစိုက်ဖို့ လိုပါတယ်” လို့ ပြောပါတယ်။

လတ်တလော စစ်ရေးအခြေအနေတွေကြောင့် လွိုင်ကော်-ဒီးမော့ဆို၊ လွိင်ကော်- မိုးဗြဲ၊ လွိုင်ကော်-ဆီဆိုင် လမ်းမကြီးတွေကို အသုံးပြုပြီးအသွားအလာမပြုလုပ်ကြဖိုလည်း KNDFက မေတ္တာရပ်ခံထားပါတယ်။

အဆိုပါတိုက်ပွဲကြောင့် နှစ်ဖက်တပ်ဖွဲ့ဝင်တွေ ထိခိုက် ကျဆုံးမှု အခြေအနေကိုတော့ လတ်တလော မသိရသေးပါဘူး။ စစ်ကောင်စီဘက်ကလည်း ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

နိုဝင်ဘာ ၁၀ ရက်က ဒီးမော့ဆိုမြို့နယ်မှာလည်း စစ်ကောင်စီတပ်သားတွေက နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024