ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို စစ်ကောင်စီရဲ့ စစ်ဘက်ဆိုင်ရာ တရားရုံးကနေ ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။
Green Channel စနစ်နဲ့ နိုင်ငံကူးလက်မှတ် ဝန်ဆောင်မှု လုပ်ငန်းလုပ်ဆောင်ဖို့အတွက် ကုမ္ပဏီတွေက အကူအညီတောင်းခံခဲ့ရာ ငွေကြေးရယူပြီး နိုင်ငံကူးလက်မှတ်တွေ ခွင်ပြုပေးခဲ့တဲ့အတွက် ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တာလို့ သိရပါတယ်။
"ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်တယောက်တည်း မဟုတ်ဘူး ၇ ယောက်ပါ။ စစ်တပ်ဘက်က အရာရှိတွေရော ရဲအရာရှိတွေရော" လို့ စစ်ဘက်ဆိုင်ရာတရားရုံးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို စက်တင်ဘာ ၂၅ ရက်မှာ အရပ်ဘက်ရာထူးတွေကနေ အနားပေးပြီး စစ်ဘက်တာဝန်တွေ ပြည်လည်ထမ်းဆောင်စေခဲ့ပြီးနောက် ဖမ်းဆီးစစ်ဆေးခဲ့တာလို့ သူက ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကို အဂတိလိုက်စားမှုတွေနဲ့ ထောင်ဒဏ်တသက်တကျွန်း (အနှစ် ၂၀) အမိန့်ချခဲ့ပါတယ်။