Home
မြန်မာသတင်း
ကံမ၊ နွားထိုးကြီး၊ ဝိုင်းမော်နှင့် တနင်္သာရီမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွား
DVB
·
November 10, 2023

မကွေတိုင်း၊ သရက်ခရိုင်၊ ကံမမြို့မှာ နိုဝင်ဘာ ၉ ရက် ညက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တခု တိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးကာ ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သရက်ခရိုင်တပ်ရင်း-၄ Eagle Force ကနေ သိရပါတယ်။

ကံမမြို့က စစ်ကောင်စီရဲ့ တောင်ပေါ်စစ်ဆေးရေးဂိတ်ကို နိုဝင်ဘာ ၉ ရက် ည ၇ နာရီ ၅၀ မိနစ်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ပြင်းအားမြင့် မိုင်းတလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင်တပ်ရင်း-၄ ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးကာ ၇ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို သရက်ခရိုင်တပ်ရင်း-၄၊ ကျောင်းသားလက်ရုံးတပ်တော်နဲ့ လွတ်မြောက်သော စစ်သည်တော်များတပ်ဖွဲ့ ပူးပေါင်းစစ်ကြောင်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပူးပေါင်းတပ်ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ နိုဝင်ဘာ ၉ ရက် မနက်အစောပိုင်းက အင်အားဖြည့်တင်းထားတဲ့  စစ်ကောင်စီတပ်စခန်းတခုကို ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီအင်အား ဖြည့်တင်းထားတဲ့ ရွှေညောင်ပင်ကျေရွာက  ခြေမြန်တပ်ရင်း ခမရ ၃၂၁ ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသန်း ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ခမရ ၃၂၁ ထဲကို စစ်ကား ၅ စီးလောက်နဲ့ နိုဝင်ဘာ ၈ ရက် ညပိုင်းက အင်အားထပ်ဖြည့်တယ်။ အဲ့လို အင်အားဖြည့်ပြီး နိုဝင်ဘာ ၉ ရက် မနက် ၁ နာရီခွဲလောက်မှာပဲ ဒရုန်းနဲ့ ဗုံးလာကြဲတယ်။ ဗုံးကြဲတိုက်ခိုက်ခံရပြီး စစ်တပ်က လက်နက်ကြီးတွေနဲ့ လှည့်ပတ်ပစ်နေတယ်၊ အချက်ရေမနည်းဘူး” လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု ရှိ မရှိ မသိရသေးဘဲ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ပြီးနောက် ခမရ ၃၂၁ ရှေ့ကနေ ဖြတ်သန်းသွားလာခွင့် ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်ကလည်း မြစ်ကြီးနား-ဗန်းမော် ကားလမ်းမှာရှိတဲ့  ကန်ဒေါင်ယန်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ရက္ခိုင့်တပ်တော် (AA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီ တပ်ရင်းမှူး သေဆုံးပြီး စခန်းကို သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ထဲမှာ ဒေသခံပြည်သူ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ကို သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းကို မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၃ နဲ့ ညီနောင်မဟာမိတ်တပ်တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မန္တလေး တပ်ရင်း-၃ ပြန်ကြားရေးက ပြောပါတယ်။

နိုဝင်ဘာ ၈ ရက် မနက်က နွားထိုးကြီးမြို့နယ်၊ ပျားကျေးရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်ကာ ဒေသခံပြည်သူ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ကို သတ်ဖြတ်ခဲ့ပြီး ပြည်သူပိုင်နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးကာ ပြန်လည်ထွက်ခွာလာတဲ့အချိန် မင်းရွာနဲ့ ကူကုန်းရွာကြားမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မန္တလေး တပ်ရင်း-၃ ပြန်ကြားရေးတာဝန်ရှိသူက “ကျနော်တို့ မိုင်းဆွဲတိုက်ခိုက်ချိန်မှာ သူတို့ဘက်က ၂ ဦး သေဆုံးတာကတော့ တိကျတဲ့ အတွင်းသတင်းရင်းမြစ်ကပါ၊ မှတ်တမ်းဓာတ်ပုံတွေလည်း မရသေးပါဘူး။ တိုက်ပွဲနဲ့ ပြည်သူတွေကို သတ်ဖြတ်သွားတာကို လောလောဆယ် စစ်ရေးအခြေအနေကြောင့် သတင်းထုတ်ပြန်လို့ မရသေးလို့ နားလည်ပေးပါ။ မကြာခင် ထုတ်ပြန်ပေးမှာပါ။ မိုင်းဆွဲခံရတဲ့ စစ်ကြောင်းနဲ့ မီးရှို့တဲ့ စစ်ကြောင်းက အတူတူပဲလို့ ပြောလို့ရပါတယ်။ မြင်းခြံနယ်ထဲမှာ ဖြစ်နေတဲ့ တိုက်ပွဲတခုကို စစ်ကူလာရောက်ပူးပေါင်းတဲ့ စစ်ကြောင်းပါခင်ဗျ။ တိုက်ပွဲအပြီးမှာ ပျားရွာကို မီးရှို့ပြီး စစ်ကူလာတဲ့ စစ်ကြောင်းဟာ မြင်းခြံမြို့ကို အပြန်မှာ ကျနော်တို့ မဟာမိတ်ညီနောင်နှစ်ဖွဲ့က ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်” လို့ ဒီဗွီဘီကို အတည်ပြု ပြောဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၂ ဦး သေဆုံးခဲ့ကာ ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပြောဆိုပေမဲ့ ဒီဗွီဘီအနေနဲ့တော့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

စစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး ပြည်သူတွေ ပူးပေါင်းပါဝင်ပေးဖို့နဲ့ လက်ရှိ စစ်ကောင်စီတပ်တွင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင်တွေကိုလည်း အရေးနိမ့်လာပြီဖြစ်တဲ့ ဖက်ဆစ်စစ်တပ် အာဏာရှင်လူတစုရဲ့ အကျိုးစီးပွားကို အလဟဿ အသက်ဆုံးရှုံးခံပြီး ကာကွယ်မနေဘဲ ပြည်သူနဲ့ တသားတည်း ပြည်သူ့ရင်ခွင်ကို အမြန်ခိုလှုံကြပါ၊ လက်နက်ချကြပါ၊ အလင်းဝင်ကြပါလို့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်က တိုက်တွန်းမေတ္တာရပ်ခံထားပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီ တပ်ရင်း ၂ ခုကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာအနီးရှိ ကမ္မလိုင်းကျေးရွာ အခြေစိုက် အမှတ် ၅၅၈ ခြေမြန်တပ်ရင်းကို မြိတ်ခရိုင် တပ်ရင်း-၂၊ တပ်ခွဲ-၂ နဲ့ တနင်္သာရီပကဖ ပူးပေါင်းအဖွဲ့တွေက နိုဝင်ဘာ ၈ ရက် ညနေ ၅ နာရီကျော်လောက်မှာ သွားရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ နာရီဝက်နီးပါး ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာခံဗိုလ် ၁ ဦး အပါအဝင် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပေမဲ့ အတိအကျကိုတော့ ဒီဗွီဘီဘက်က အတည်မပြုနိုင်သေးပါဘူး။

တနင်္သာရီတိုင်း ပကဖတာဝန်ခံ ကိုစတားက “လက်နက်ကြီး‌တွေက ဒီ ၅၅၈ တပ်ရင်းကပဲ ပစ်တာဗျ။ ဒီဘက်ကပစ်တဲ့အချိန် ပြီးတာနဲ့ ပြန်ပစ်နေတာပါ” လို့ ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် ၅၅၈ တပ်ရင်းကနေ PDF ပူးပေါင်းတပ်ဖွဲ့‌ေတွ ရှိတဲ့ဘက်ကို  လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က  တဦး လက်နက်ကြီးကျည်စ ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲပြီး‌ နောက်တရက် နိုဝင်ဘာ ၉ ရက် နေ့လယ် ၁၁ နာရီလောက်မှာ ဇဝဲရွာအခြေစိုက် ခမရ ၅၅၆ တပ်ရင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မောင်းသူမဲ့ လေယာဉ်တွေနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရင်းအတွင်းကို ဗုံးသီးတွေ ကျရောက်ပေါက်ကွဲခဲ့ပြီး တပ်သားတွေ ထိခိုက်သေဆုံးနိုင်တယ်လို့ သိရပြီး အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် နေ့လယ် ၁ နာရီလောက်မှာ ဇဝဲ ၃ဝ၆ အမြောက်တပ်ကနေ  လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက် ရမ်းသန်း‌ပစ်ခတ်ခဲ့သေးတယ်လို့ ဒေသခံ ပြည်သူတဦးက ပြောပါတယ်။

ဒေသခံတဦးက “၁ နာရီလောက်လည်း ပစ်နေတာ။ ၃ဝ၆ တပ်က‌နေ ပစ်နေတာ။ ဇဝဲဘက်ကို ကဒါဘက်က PDF က လူတွေပေါင်းပြီး သွားတိုက်နေကြပါ။ ညနေကလည်း ၃ဝ၆ တပ်ကနေ လက်နက်ကြီးတွေ ပစ်နေသေးတယ်။ ညကလည်း တမုတ်ချုံးမှာ တိုက်ပွဲဖြစ်‌သေးတယ်။ လက်နက်ကြီးပစ်တာ ကြားရတာတော့ ၆ ချက်လောက်ပဲ” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို တနင်္သာရီတိုင်းစစ်ဌာန၊ စစ်ဆင်ရေးဌာနရဲ့ လက်အောက်ခံ Dragon Squad နဲ့ တနင်္သာရီပကဖ ပူးပေါင်းအဖွဲ့တွေဖြစ်တဲ့ တနင်္သာရီပကဖပြောက်ကျား၊ တောပုံးကြီးနဲ့ တနင်္သာရီရိုးမတို့က တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်ကလည်း ကမ္မလိုင်းရွာအခြေစိုက် ခမရ ၅၅၈ တပ်ရင်းကို PDF ပူးပေါင်းအဖွဲ့တွေက မောင်းသူမဲ့ ဒရုန်းတွေနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

မြိတ်မြို့နယ်နဲ့ တနင်္သာရီမြို့နယ်အတွင်း နေထိုင်သူတွေနဲ့ ခရီးသွားပြည်သူတွေအ‌နေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ စစ်ရေးသတိပေးချက်တွေကို လိုက်နာပြီး နေထိုင်ကြဖို့နဲ့ စစ်ကောင်စီယာဥ်တန်းတွေ တပ်ရင်းတပ်ဖွဲ့တွေနဲ့ သွားလာတာ ရှောင်ရှားပေးဖို့ အသိပေး ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်စဉ်တွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024